မျက်မှောက်ကာလ မှ ထာဝရကာလသို့

61/249

အခန်း (၁၂) - ပြင်သစ်နိုင်ငံတွင်ရောင်နီဦးထွက်ပေါ်လာခြင်း

စပါးညီလာခံနှင့် အောက်စဘတ်ညီလာခံများကျင်းပပြီးသည့် နောက်တွင် တိုက်လှန်မှုနှင့် ဝိညာဉ်ရေးအမှောင်ထုများကျရောက်ခြင်းများကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပါသည်။ ဂိုဏ်းဂဏများ ကွဲပြားမှုကြောင့် ပရိုတက်စတင့်အယူဝါဒသည် ပျောက်ကွယ်သွားတော့မယောင် အဖျက်ဆီး ခံခဲ့ရပါသည်။ HFB 215.1

သို့ရာတွင် အောင်ပွဲဩင်နေသည့် အခိုက်အတန့်မှာပင် ဧကရာဇ်မင်းသည် ရှုံးနိမ့်မှုနှင့်ရင်ဆိုင်ခဲ့ရပါသည်။ ဖျက်ဆီးပစ်ရန် အသက်တာ ရည်မှန်းချက်အဖြစ်ထားခဲ့သည့် ယုံကြည်ချက်များကို အလျော့ပေးရန် အတင်းအကျပ်ဖိအားပေးခြင်း ခံခဲ့ရပါသည်။ တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် မိမိ၏စစ်သည်များသေကြေခဲ့ရသည်။ ဘဏ္ဍာငွေများကုန်ခမ်းခဲ့ရသည်။ ၎င်း၏ပြည်နယ်များ၌လည်း ပုန်ကန်ထကြွမှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ထိုမျှလောက်အနာခံကြိုးစားပြီး ချေမှုန်းခဲ့သည့် ယုံကြည်ချက်များသည် တိုးတက်ပြန့်ပွားလျက်ရှိချေပြီ။ ချားစ်ဘုရင်သည် အနန္တတန်ခိုးရှင်နှင့် တိုက်ပွဲဆင်နွှနေပါသည်။ ထာဝရဘုရားက အလင်းဖြစ်စေဟု မိန့်တော်မူသော်လည်း သူကမထွင်းဖေါက်နိုင်အောင် သိပ်သည်းသော အမှောင် ထုကို ဖန်တီးနေသည်။ ရှည်လျားသော တိုက်ပွဲကြောင့် မောပန်းနွမ်းရိလာကာ ထီးနန်းကိုသူစွန့်ခဲ့ရုံတင်မကဘဲ အလုံခန်းတစ်ခန်းထဲတွင် ကိုယ့်ကိုကိုယ် အဆုံးစီရင်မြှုပ်နှံသင်္ဂြိုဟ်လိုက်ပါသည်။ HFB 215.2

ဆွစ်ဇာလန်ရှိနယ်ပယ်များစွာသည် ပြုပြင်ပြောင်းလဲရေး ယုံကြည်ချက် များကို လက်ခံခဲ့ကြသော်လည်း တချို့ပြည်နယ်များမှာ ရဟန်းမင်း အသင်းတော်၏ ယုံကြည်ချက်များကို စွဲလမ်းသက်ဝင်ဆဲဖြစ်သည်။ ဇွင်းကလိနှင့်တကွ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွင် ပါဝင်လုပ်ဆောင်ခဲ့ကြ သူများစွာတို့သည် ကက်ပင်လယ်ကွင်းတွင် သွေးမြေကျခဲ့ကြရပါသည်။ ရောမသည် အောင်ပွဲဆင်နေပြီး လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေများစွာကို ပြန်လည်သိမ်းသွင်းနိုင်ခဲ့သယောင် ဖြစ်နေသည်။ သို့ရာတွင် ဘုရားသခင်သည် မိမိ၏အမှုတော်နှင့် ယုံကြည်သူများကို စွန့်ပယ်တော်မမူဘဲ ထိုလှုပ်ရှားမှုကို ဆက်လက်အကောင်အထည်ဖေါ်နိုင်ရန် အခြားတိုင်းပြည်များတွင် အမှုဆောင်များ ပေါ်ထွက်လာစေပါသည်။ HFB 216.1

ပြင်သစ်တွင် လက်ဖီးဘားဆိုသူ ပဲရစ်တက္ကသိုလ်မှပါမောက္ခ တစ်ဦးသည် ဤသမ္မာတရားအလင်းတော်ကို ကနဦးတွေ့ရှိခဲ့သူဖြစ်သည်။ ရှေးဟောင်းစာပေများကိုလေ့လာစဉ် သမ္မာကျမ်းစာဘက်ကို အာရုံရောက် သွားပြီး ကျောင်းသားများနှင့်အတူ လေ့လာခဲ့ပါသည်။ သူသည် အသင်းတော် (ရောမ) ၏ ဒဏ္ဍာရီများတွင်ဖေါ်ပြထားသည့် သူတော်စင်များနှင့် သူရဲကောင်းများ ရာဇဝင်ကိုပြင်ဆင်ရာတွင် တာဝန်ယူခဲ့ဖူးပြီး ထိုလုပ်ငန်းတွင် တိုးတက်မှုများလည်း ရရှိခဲ့ရာ လိုအပ်သောအထောက်အထားများကို သမ္မာကျမ်းစာမှ ရနိုင်ကောင်းသည်ဟုထင်မှတ်လျက် ကျမ်းစာကိုစတင် လေ့လာခဲ့ပါသည်။ သမ္မာကျမ်းစာတွင် သန့်ရှင်းသူ သူတော်စင်များကို သူတွေ့ခဲ့ သည်။ သို့သော် ရောမအသင်းတော်တွင် ပေါ်ထွန်းခဲ့သူများကဲ့သို့ မဟုတ်သည်ကို သူတွေ့ရ၏။ သို့နှင့် သမ္မာကျမ်းစာကို စာတမ်းပြုစုရန် လေ့လာခြင်းအဆင့်မှ မိမိကိုယ်ကိုဆက်ကပ်အပ်နှံ၍ လေ့လာခြင်းအဆင့်သို့ သူတိုးမြှင့်လိုက်ပါသည်။ HFB 216.2

လူးသာနှင့်ဇွင်းကလိတို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမစမီ ၁၅၁၂ ခုနှစ်ကတည်းက လက်ဖီးဘားက ‘‘ဘုရားသခင်သည် ယုံကြည်သူကျွန်ုပ် တို့အား ဖြောင့်မတ်စေတော်မူ၏။ ကျေးဇူးတော်ကြောင့်သာ ထာဝရအသက်ကို ရစေခြင်းငှာ ဖြောင့်မတ်ရာသို့ရောက်စေတော်မူ၏’’ ဟု ရေးသားထားခဲ့သည်။ ၎င်းပြင် ကယ်တင်ခြင်းဆိုင်ရာ ဘုန်းဝင်စားခြင်းကို ဟောကြားရာ၌ နားထောင်လိုက်လျှောက်ရန်တာဝန်မှာ လူ၏အငန်းအတာဖြစ်ကြောင်း သူဖွင့်ဆိုခဲ့သည်။ HFB 217.1

လက်ဖီးဘား၏ကျောင်းသားများသည် သူ့တရားဟောချက်များကို စိတ်ဝင်တစားနာကြားခဲ့ကြပြီး ၎င်းတို့ဆရာတရားမဟောနိုင်တော့သည့် အချိန်တွင် သူတို့ဆက်လက်ဟောကြားခဲ့ကြပါသည်။ ဝီလီယမ်ဖားရယ်သည် ထိုကျောင်းသားစုထဲမှတစ်ဦးဖြစ်သည်။ သူသည် ရောမအသင်းတော်၏ ယုံကြည်ချက်များကို အထူးစွဲလမ်းသည့် ဘာသာတရားဝါသနာပါသော မိဘများမှ သက်ဆင်းလာရာ ထိုအသင်းတော်ကို ဆန့်ကျင်ရဲသူအားလုံးအား အပြတ်ချေမှုန်းရန် စိတ်အားကြီးသူတစ်ဦးဖြစ်သည်။ ‘‘ရဟန်းမင်းကို ဆန့်ကျင်ပြောတာကြားရင် ဒေါသဖြစ်နေတဲ့ဝံပုလွေလိုပဲ ကျွန်တော်အံသွား ကြိတ်ခဲခဲ့တယ်’’ ဟု နောက်ပိုင်းတွင် သူပြောခဲ့သည်။ သို့ရာတွင် သန့်ရှင်းသောသူများထံတွင် ဆုတောင်းခြင်း၊ ယဇ်ပလ္လင်များ၌ ဝတ်ပြုကိုးကွယ်ခြင်း၊ သင်္ချိုင်းဂူများတွင် လက်ဆောင်များဆက်ကာ ဆုတောင်းခြင်းများပြုသော်လည်း သူ့စိတ်ငြိမ်သက်မှုမရရှိခဲ့ချေ။ ထိုကျင့်ဆောင်မှုများကြောင့် အပြစ်အတွက် ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ ခံစားချက်သည် လျော့နည်းပပျောက် မသွားဘဲ ဖိစီးဆဲဖိစီးလျက်ရှိနေပါသည်။ ထိုစဉ်တွင် ‘‘ကယ်တင်ခြင်းသည် ကျေးဇူးတော်ကြောင့်သာဖြစ်သည်။ ခရစ်တော်၏ ကပ်တိုင်တစ်ခုတည်းကသာ ကောင်းကင်တံခါးကိုဖွင့်နိုင်သည်။ ငရဲတံခါးကိုလည်းပိတ်နိုင်သည်’’ ဆိုသည့် လက်ဖီးဘား၏တရားဟောချက်များကို သူနာကြားခဲ့ရသည်။ HFB 217.2

ဖားရယ်သည် ပေါလုကဲ့သို့ပြောင်းလဲသွားကာ ရိုးရာဓလေ့၏ အနှောင်အဖွဲ့ကိုကျောခိုင်းလိုက်ပြီး ဘုရား၏သားများနှင့် စပ်ဆိုင်သော လွတ်လပ်ခြင်းအခွင့်ဘက်သို့ ဦးလှည့်ခဲ့ပါသည်။ ‘‘လုယက်ကိုက်ဖြတ်လိုတဲ့ ဝံပုလွေတစ်ကောင်ရဲ့ ရက်စက်တဲ့နှလုံးသားနေရာမှာ နူးညံ့၍ အန္တရာယ် မပြုသော သိုးသငယ်၏စိတ်နှလုံးဖြင့် အစားထိုးကာ မိမိအသက်တာကို ရဟန်းမင်းထံမှ ပြန်လည်ရယူပြီး ခရစ်တော်ထံသို့ပေးအပ်ခဲ့တယ်’’ ဟု သူပြောခဲ့ပါသည်။ HFB 218.1

လက်ဖီးဘားက ကျောင်းသားများကို အလင်းပေးနေစဉ်မှာ ဖားရယ်က လူထုအတွင်း၌ သမ္မာတရားကို ကြွေးကြော်ရန် ထွက်ခွာခဲ့သည်။ အသင်းတော်မှ တာဝန်ရှိသူတစ်ဦးနှင့် မီအော့ဇ်ဂိုဏ်းအုပ်တို့သည် မကြာမီမှာပင် သူတို့နှင့် ပူးပေါင်းခဲ့ကြသည်။ အခြားကျောင်းဆရာများသည်လည်း ဧဝံဂေလိတရား ဟောခြင်းလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်လာကြရာ လယ်သမားအိမ်ထောင်စုမှ အစ ဘုရင့်နန်းတော်အဆုံး ယုံကြည်သက်ဝင်သူများကို စုစည်းနိုင်ခဲ့ကြပါသည်။ ပထမမြောက်ဖရန်စစ်၏ညီမသည် ပြုပြင်ပြောင်းလဲရေးယုံကြည်ချက်များကို လက်ခံခဲ့သည်။ သို့နှင့် ပြင်သစ်တစ်ပြည်လုံး ဧဝံဂေလိတရားတော်ကို လက်ခံလာမည့်အချိန်ကို လက်ဖီးဘားတို့အဖွဲ့က မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်စားခဲ့ကြပါသည်။ HFB 218.2