မျက်မှောက်ကာလ မှ ထာဝရကာလသို့

32/249

အခန်း (၇) - လူးသာ - သူ့ခေတ်အတွက်လူသားတစ်ဦး

အသင်းတော်အား ရဟန်းမင်း၏အမှောင်ထုမှ စင်ကြယ်သော ယုံကြည်ခြင်း၏ အလင်းထဲသို့ ဦးဆောင်ခေါ်ထုတ်ရန် ဘုရားသခင်၏ တာဝန်ပေးခြင်းခံရသူများထဲတွင် မာတင်လူးသာသည် ရှေ့ဆုံးမှ ရပ်တည်နေပါသည်။ ဘုရားသခင်မှလွဲ၍ မည်သည့်အရာကိုမှ မကြောက်တတ်သောသူ၊ နှုတ်ကပတ်တော်မှလွဲ၍ မည်သည့်အရာကိုမှ ယုံကြည်ခြင်းအတွက် အုတ်မြစ်ဖြစ်သည်ဟု အသိအမှတ် မပြုတတ်သောသူတည်းဟူသော လူးသာသည် သူ့ခေတ်အတွက် အာဂလူသားတစ်ဦးဖြစ်သည်။ HFB 111.1

လူးသာသည် ဆင်းရဲသောဂျာမန်လယ်သမားအိမ်ထောင်မှ ပေါက်ဖွား ကြီးပြင်းလာသူဖြစ်၏။ သူ့ဖခင်က သူ့အား ဥပဒေပညာရှင်တစ်ဦးဖြစ်စေလို သော်လည်း ဘုရားသခင်ကမူ သူ့အား ရာစုနှစ်များတစ်လျှောက် တိုးတက်ကြီးပွားလျက်ရှိသည့် အသင်းတော်ကို တည်ထောင်သူတစ်ဦး ဖြစ်စေလိုသည်။ ကြမ်းတမ်းမှု၊ နွမ်းပါးမှုနှင့် ဥပဒေစည်းမျဉ်းတင်းကျပ်မှု တည်းဟူသော ကျောင်းတွင် သူထမ်းဆောင်ရမည့် အမှုတော်အတွက် ဘုရားသခင်သည် လူးသာကို သင်တန်းပေးကာ ပြင်ဆင်တော်မူသည်။ HFB 111.2

လူးသာ၏ဖခင်သည် စိတ်ဆတ်သူတစ်ဦးဖြစ်သည်။ ကြည်လင်သော စိတ်အာရုံရှိသည့်အလျောက် ရဟန်းမင်းကဖွင့်ထားသော ကျောင်းများအပေါ် ယုံကြည်ကိုးစားမှုမရှိသူတစ်ဦးဖြစ်သည်။ သူသဘောမတူဘဲ ထိုကျောင်းများသို့ လူးသာသွားရောက်သင်ယူ သောအခါ သူအတော်မကျေမနပ်ဖြစ်ခဲ့သည်။ နှစ်နှစ်ကြာမှ သားအဖချင်း ပြန်လည်သင့်မြတ်ခဲ့သော်လည်း လူးသာဖခင်၏ စိတ်သဘောထားမှာ ယခင်ကနှင့် အတူတူပင်ဖြစ်သည်။ HFB 111.3

လူးသာ၏မိဘများသည် ၎င်းတို့၏သားသမီးများအား ဘုရားသခင်ကို သိကျွမ်းစေရန် ကြိုးစားသွန်သင်ကြသည်။ မိမိတို့၏ ကလေးများကို အသုံးဝင်သော အသက်တာပိုင်ရှင်များဖြစ်အောင် မနားမနေစိတ်အား ထက်သန်စွာ ကြိုးစားသွန်သင်ခဲ့ကြသည်။ တစ်ခါတစ်ရံတွင် စည်းကမ်းတင်းကျပ်လွန်းရာ ထိုစည်းကမ်းများသည် အဖြစ်သဘောထက် အပျက်သဘောကိုဆောင်နေကြောင်း လူးသာမြင်တွေ့ခဲ့သည်။ HFB 112.1

လူးသာသည် ကျောင်းတက်နေစဉ် ကြမ်းတမ်းပြင်းထန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထမင်းငတ်သည့် အကြိမ်လည်းမနည်းခဲ့ချေ။ ထိုစဉ်က အောင်ပွဲဆင်နေသော စိတ်ပျက်စရာဘာသာရေးအယူသီးမှု များကြောင့် သူ၌စိုးရိမ်စိတ်များဖြင့် ပြည့်ဝနေသည်။ ဘုရားသခင်အား ကြင်နာတတ်သော အဖအနေနှင့် မြင်ရမည့်အစား ရက်စက်သော အာဏာရှင်တစ်ဦးအဖြစ် မြင်တွေ့နေသဖြင့် စိတ်နှလုံးမချမ်းမြေ့စွာဖြင့် ညစဉ်အိပ်စက်ခဲ့ရပါသည်။ HFB 112.2

အားဖတ်တက္ကသိုလ်သို့ရောက်လာသောအခါ သူ၏ အနာဂတ် အလားအလာများသည် ကလေးဘဝကထက်ပို၍ ကောင်းလာပါသည်။ ချွေတာကြိုးစားမှုဖြင့် စုဆောင်းထားသည့် ဥစ္စာများကို ပိုင်ဆိုင်နေသည့် သူ့မိဘများသည် သူ့အတွက် ကုန်ကျစရိတ်အားလုံးကို ထောက်ပံ့နိုင်ကြပါသည်။ ပညာသတိရှိသော မိတ်ဆွေများကလည်း ယခင်သင်တန်းများမှ သူရရှိထားသည့် ဝမ်းနည်းစရာအကျိုးသက်ရောက် မှုများကို အနည်းနှင့်အများလျော့ပါးစေခဲ့ကြပါသည်။ ကောင်းမွန်သည့် ဩဇာသက်ရောက်မှုများကြောင့် သူ့စိတ်နှလုံးသည် အလျင်အမြန် ဖွံ့ဖြိုးလာခဲ့ပါသည်။ မမောမပန်းတမ်း ဝိုင်းဝန်းကူညီမှုကြောင့် မကြာမီတွင် သူသည် မိတ်ဆွေသူငယ်ချင်းများထဲတွင် အတော်ဆုံးတစ်ယောက် ဖြစ်လာခဲ့ပါသည်။ HFB 112.3

လူးသာသည် ဆုတောင်းခြင်းဖြင့် တစ်နေ့တာကို အမြဲတမ်း အစပြုခဲ့သည်။ လမ်းပြပို့ဆောင်မှုအတွက် သူ၏စိတ်ထဲတွင် ဆုတောင်းချက် တစ်ခုကို အမြဲတမ်းရေရွတ်နေတတ်သည်။ ‘‘ကောင်းကောင်း ဆုတောင်းခြင်းသည် စာတစ်ဝက်ကျက်ပြီးတာနဲ့ အတူတူဖြစ်သည်’’ ဟု သူမကြာခဏပြောတတ်သည်။ HFB 113.1

တစ်နေ့တွင် သူတစ်ခါမှမတွေ့ဖူးသည့် လက်တင်ဘာသာနှင့် ရေးသားထားသည့် သမ္မာကျမ်းစာတစ်အုပ်ကို တက္ကသိုလ်စာကြည့်တိုက်တွင် တွေ့၏။ သူကြားဖူးထားသည့် ခရစ်ဝင်ကျမ်းတချို့အပိုင်းများနှင့် ဩဝါဒစာ အပိုင်းအစများကို ကျမ်းစာတစ်အုပ်လုံးဖြစ်သည်ဟု ထင်ထားခဲ့ပါသည်။ ယခုတွင်မူ ပထမဦးဆုံးအကြိမ်အဖြစ် ကျမ်းစာတစ်အုပ်လုံးကို တွေ့ဖူးချေပြီ။ သူသည်ရိုသေအံ့ဩစွာဖြင့် အသက်စာစောင်မှစာမျက်နှာများကို တစ်ရွက်ချင်း လှန်၍ဖတ်ကာ ‘‘ဒီလိုစာအုပ်မျိုးကို ငါ့ကိုယ်တိုင်ဖတ်ဖို့ ဘုရားသခင်က ပေးတော်မူတာပဲ’’ ဟုရေရွတ်လေ၏။ ကောင်းကင်တမန်များသည် သူ့နံဘေးတွင် ရှိနေကြသည်။ ဘုရားသခင်ထံမှ အလင်းတော်သည် သမ္မာတရားရတနာများကို သူနားလည်စေရန် ထွန်းလင်းတော်မူသည်။ မိမိသည် အပြစ်သားတစ်ဦး ဖြစ်နေကြောင်းကို ယခုတစ်ခါကဲ့သို့ ယခင်က တစ်ခါမှ သူမခံစားခဲ့ရဖူးချေ။ HFB 113.2