မျက်မှောက်ကာလ မှ ထာဝရကာလသို့
ယာကုပ်၏ဒုက္ခကာလ
ခရစ်ယာန်လောကတွင် ဥပုသ်နေ့သည် အငြင်းပွားမှု၏ ပဓာနကိစ္စ ဖြစ်လာသောအချိန်တွင် ထိုအသင်းတော်နှင့် နိုင်ငံတော်ကို ဆန့်ကျင်သူ လူနည်းစုကလေးကို သည်းခံခွင့်လွှတ်ခြင်းမပြုသင့်ကြောင်း၊ တစ်နိုင်ငံလုံး ဒုက္ခရောက်တာနှင့်စာလျှင် လူတစ်ဦးတစ်ယောက်ဒုက္ခရောသည်က ပို၍ကောင်းကြောင်း ပြောလာကြပါသည်။ ထိုသို့သောပြောဆိုမှုကို ခရစ်တော်လည်း ခံခဲ့ရကြောင်း ယောဟန် ၁၁:၅၀ တွင် တွေ့ရပါသည်။ ‘‘ယုဒလူမျိုး အကုန်အစင်ပျက်စီးသည်ထက် လူတစ်ယောက်သည် လူအများတို့ အတွက်သေသော် သာ၍ကောင်းသည်။’’ ထိုပြောဆိုချက်သည် ပြည့်စုံခိုင်မာလှ ပါသည်။ သတ္တမနေ့ဥပုသ်စောင့်သူများကို လူသိရှင်ကြားအပြစ်တင်လျက် ၎င်းတို့အား သတ်လိုက လွတ်လွတ်လပ်လပ်သတ်နိုင်ရန် အခွင့်အရေးပေးမည့် အမိန့်တစ်ခုကို အဆုံးတွင်ထုတ်ပြန်ကြလိမ့်မည်။ ရှေးခေတ်ကမ္ဘာတွင် ရောမအသင်းတော်ဝါဒနှင့် ခေတ်သစ်ပရိုတက်စတင့်ဝါဒတို့သည် ထိုလမ်းစဉ်ကို လိုက်ကြလိမ့်မည်။ ဘုရားသခင်၏သားသမီးများသည် ထိုအချိန်တွင် ယေရမိ ၃၀:၅-၇ တွင် ဖေါ်ပြထားသည့် ယာကုပ်၏ဒုက္ခကာလကဲ့သို့သော အနိဌာရုံ မြင်ကွင်းများထဲသို့ တွန်းပို့ခြင်းခံကြရလိမ့်မည်။ HFB 672.1
ဧသာ၏ရန်မှလွတ်မြောက်ရန် ဆုတောင်းခြင်းဖြင့် တစ်ညလုံးယာကုပ် ရုန်းကန်ခဲ့ရခြင်းသည် ဒုက္ခဆင်းရဲခြင်းကာလတွင် ဘုရား၏ သားသမီးများ ရင်ဆိုင်ရမည့်အတွေ့အကြုံများကို ပုံဆောင်ပါသည်။ ဧသာအတွက် ရာထားထားသည့် ကောင်းချီးမင်္ဂလာကိုရယူနိုင်ရန် လိမ်ညာလှည့်ဖြားမှုကို အသုံးပြုခဲ့သောကြောင့် အစ်ကို၏အန္တရာယ်မှ ကင်းဝေး ရာသို့ ယာကုပ်ထွက်ပြေးခဲ့ရပါသည်။ တစ်ကျွန်းတစ်နိုင်ငံတွင် နှစ်ပေါင်း များစွာနေထိုင်ပြီးနောက် ဇာတိရပ်မြေသို့ပြန်ရန် ခရီးနှင်ခဲ့ပါသည်။ နယ်စပ်သို့ အရောက်တွင် ဧသာချဉ်းကပ်လာကြောင်း သတင်းရရှိရာ မိမိအား လက်စား ချေမည်ကိုစိုးသဖြင့် သူကြောက်လန့်နေပါသည်။ ထိုအချိန်တွင် သူ့အတွက် တစ်ခုတည်းသောမြော်လင့်ချက်မှာ ဘုရားသခင်၏ကရုဏာတော်၌သာရှိသလို တစ်ခုတည်းသောအကာအကွယ်မှာလည်း ဆုတောင်းခြင်းဖြစ်နေပါသည်။ HFB 672.2
သူသည် အလွန်နှိမ့်ချသောစိတ်ဖြင့် မိမိ၏အပြစ်များကို ဘုရားသခင့် ထံတော်တွင် ဝန်ချတောင်းပန်ခဲ့သည်။ ကြီးမားသောပြဿနာတစ်ခုကို သူရင်ဆိုင်နေရပြီဖြစ်ရာ အမှောင်ထုလွှမ်းမိုးလာသည့်အချိန်အထိပင် သူဆက်၍ ဆုတောင်းနေပါသည်။ ထိုစဉ်တွင် သူ့ပခုံးပေါ်သို့ လက်တစ်ချောင်းတင်လိုက် သလို သူခံစားလိုက်ရသည်။ မိမိ၏အသက်ကို တစ်ယောက်ယောက်က လုပ်ကြံရန်ကြိုးစားနေပြီဟု သူထင်ကာ အားကုန်ထုတ်လျက် သူတိုက်ခိုက်ပါ တော့သည်။ သို့ဖြင့် အရုဏ်တက်စပြုလာသောအချိန်တွင် ယာကုပ်နှင့် တိုက်ခိုက်နေသောပုဂ္ဂိုလ်က ယာကုပ်သည် တစ်ခြမ်းသေသွားသကဲ့သို့ ဖြစ်သွားကာ အကူအညီမဲ့ပုဂ္ဂိုလ်တစ်ဦးပမာ ငိုကြွေးလျက် မိမိနှင့်တိုက်ခိုက် နေသူ၏လည်ပင်းတွင် မှီတွယ်လိုက်ပါသည်။ မိမိနှင့် ဆိုင်ပြိုင်တိုက်ခိုက် နေသူမှာ ပဋိညာဉ်ဆိုင်ရာ ကောင်းကင်ဗိုလ်မင်းဖြစ်ကြောင်း ထိုအချိန်ကျမှ သူသိရှိခဲ့ပါသည်။ သူသည် ကျူးလွန် ခဲ့မိသမျှအပြစ်များအတွက် နောင်တသံဝေဂများရကာ အပြစ်လွှတ်ခြင်းအတွက် အာမခံချက်ကို ယခုတွင်ရယူပေတော့မည်။ ထိုကြောင့် ‘‘ထိုသူက ငါ့ကိုလွှတ်ပေးပါ။ မိုးလင်းဆဲရှိပြီ’’ ဟု ဆိုသော်လည်း ယာကုပ်က ‘‘ကိုယ်တော်သည် အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် မသွားရ’’ ဟုဆိုလေ၏။ ယာကုပ်သည် မိမိ၏မထိုက်တန်မှုများအတွက် ဝန်ချတောင်းပန်နေသော် ငြားလည်း ပဋိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်သည့် ထာဝရဘုရား၏ကရုဏာ တော်ကိုမူ ယုံကြည်ကိုးစားခဲ့ပါသည်။ ဤအပြစ်သားသေမျိုးကြီးသည် နောင်တရခြင်း၊ ကိုယ်ကိုဆက်ကပ်ခြင်းများအားဖြင့် ကောင်းကင်ဗိုလ်ခြေ အရှင်ထ့မှ အပြစ်လွှတ်ခြင်းအခွင့်ကို ရယူနိုင်ခဲ့ပါသည်။ HFB 673.1
စာတန်သည် ယာကုပါအား အပြစ်များဖော်ပြကာ ဘုရားသခင့်ရှေ့ မှောက်တွင်စွပ်စွဲခဲ့ပါသည်။ ယာကုပ်အား သွားရောက်တိုက်ခိုက်ရန် ဧသောကိုလည်း သူစေ့ဆော်ခဲ့ပါသည်။ ကောင်းကင်ဗိုလ်မင်းနှင့် တစ်ညလုံး နပမ်းလုံးနေစဉ်တွင်လည်း ထာဝရဘုရားအပေါ် မှီခိုခြင်းမပြုစေရန်အတွက် ယာကုပ်စိတ်ဓါတ်ကျအောင် သူစွမ်းဆောင်ခဲ့ပါသည်။ ထိုကြောင့် ယာကုပ်သည် စိတ်ပျက်သွားကာ ဘုရားသခင်အား ကျောခိုင်းလုနီးနီးဖြစ်ခဲ့သော်လည်း သူသည်ကျူးလွန်ခဲ့သည့်အပြစ်များကို ခွင့်လွှတ်သည်အထိ ကောင်းကင် ဗိုလ်မင်းအပေါ်တွင် မှီခိုဖက်တွယ်ခဲ့ပါသည်။ HFB 674.1
စာတန်သည် ယာကုပ်အား မဟုတ်တမ်းတရမ်းစွပ်စွဲခဲ့သကဲ့သို့ ဘုရားသခင်၏ သားသမီးများကိုလည်း သူစွပ်စွဲပါလိမ့်မည်။ လူသားများအား အပြစ်ကျူးလွန်စေရန် မိမိစုံစမ်းခဲ့သည့် အပြစ်များ၏ ဇစ်မြစ်ကို စာတန်ကောင်းစွာသိထားရာ ဘုရားသခင်သည် မိမိနှင့်တကွ မိမိ၏နောက်လိုက်ကောင်းကင်တမန်များကို ပလပ်မပေးဘဲ ဧကန်အမှန် ဖျက်ဆီးပစ်လိမ့်မည်ဖြစ်သော်လည်း ထိုလူသားများကိုတော့ အပြစ်လွှတ်ခြင်း အခွင့်ပေးမှာမဟုတ်ဟု သူကြွေးကြော်နေပါသည်။ ထိုလူသားများကိုဖျက်ဆီး ပစ်ရန် မိမိ၏လက်ထဲအပ်လိုက်ပါဟုလည်း သူတောင်းဆိုနေပါသည်။ HFB 674.2
ဘုရား၏သားသမီးများအား အစွမ်းကုန်စုံစမ်းရန် စာတန်ကို ထာဝရဘုရားခွင့်ပြုထားတော်မူပါသည်။ ထိုကြောင့် ထိုသူများ၏ ယုံကြည်ခြင်း နှင့် ဘုရားအပေါ်ကိုးစားမှုများကို စာတန်အကြီးအကျယ် စမ်းသပ်ပါလိမ့်မည်။ ထိုသူတို့သည် မိမိတို့၏အတိတ်ကြောင်းကို ပြန်လည်သုံးသပ်လိုက်ကြရာ ကောင်းတာတစ်ခုကိုမျှ မိမိတို့၏ အသက်တာတွင်မတွေ့ကြရသဖြင့် အားငယ် နေကြပါသည်။ ၎င်းတို့၏အခြေအနေမှာ မြော်လင့်ချက်မရှိသယောင် ခြိမ်းခြောက်ရန် စာတန်ကြိုးစားနေပါသည်။ ၎င်းတို့သည် စုံစမ်းခြင်းထဲသို့ လိုက်ပါသွားကာ ဘုရားသခင်ကိုကျောခိုင်းသည်အထိ လုပ်ဆောင်နိုင်ရန် ၎င်းတို့၏ ယုံကြည်ခြင်းကိုဖျက်ဆီးပစ်ဖို့ သူမြော်လင့်ထားပါသည်။ HFB 675.1