မျက်မှောက်ကာလ မှ ထာဝရကာလသို့

17/249

အခန်း (၅) - အင်္ဂလန်၌သမ္မာတရားအလင်းထွန်းလင်းလာခြင်း

ဘုရားသခင်သည် နှုတ်ကပတ်တော်လုံးလုံးပျောက်ကွယ်သွား သည့်အဆင့်အထိ လက်ခံတော်မမူခဲ့ချေ။ ဥရောပနိုင်ငံအသီးသီးရှိ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လှုံ့ဆော်မှုကြောင့် သမ္မာတရားကို ဝှက်ထားသည့်ရတနာအလား ရှာဖွေလာကြပါသည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စီစဉ်လမ်းပြမှုကြောင့် အခက်အခဲများကြားမှ အလင်းတော်ကို လက်ခံရန် ဆန္ဒပြင်းပြနေကြပါသည်။ ကျမ်းစကားအားလုံးကို အကုန်အစင် နားမလည်ခဲ့ကြသော်လည်း နှစ်ပေါင်းများစွာ မြှုပ်နှံထားသည့် သမ္မာတရားကို သိမြင်နိုင်စွမ်းရှိလာကြပါသည်။ HFB 64.1

လူတို့အား တိုင်းရင်းသားဘာသာစကားဖြင့် ရေးသားထားသော ကျမ်းစာကိုပေးရန် အချိန်ကျရောက်လာပေပြီ။ ကမ္ဘာတစ်ဝန်းရှိ တိုင်းနိုင်ငံများသည် သန်းခေါင်ယံအချိန်ကိုကျော်ကာ အရုဏ်ဦး အလင်းတန်းများကို တွေ့နေရပေပြီ။ HFB 64.2

ခရစ်သက္ကရာဇ် ၄ ရာစုတွင် ‘‘ဘာသာရေးပြုပြင်ပြောင်းလဲ ရေး၏နံနက်သားကြယ်’’ သည် အင်္ဂလန်နိုင်ငံတွင် ပေါ်ထွန်းခဲ့ပါသည်။ ၎င်းမှာ ဝစ်ကလစ်ဖြစ်သည်။ သူသည် ကောလိပ်တက်တုန်းက စာတော်သူတစ်ဦးအဖြစ် ကျော်ကြားသကဲ့သို့ ဘုရားတရားရှိသူတစ်ဦး အဖြစ်လည်း လူသိများသူတစ်ဦး ဖြစ်သည်။ သူသည် စာပေသင်ကြားရေးဆိုင်ရာ ဒဿနဘာသာ၊ အသင်းတော်၏ စည်းမျဉ်းဘာသာရပ်၊ မြို့ပြဥပဒေဘာသာရပ်များနှင့် အောင်မြင်ခဲ့သဖြင့် နိုင်ငံရေးနှင့် ဘာသာရေးလွတ်မြောက်မှုများအတွက် တိုက်ပွဲဝင်ရန် ပြင်ဆင်ထားသူ တစ်ဦးဖြစ်သည်။ သူသည် စာသင်ကျောင်းဆိုင်ရာ ပညာရေးစည်းမျဉ်း များကိုတတ်မြောက်ထားပြီး ကျောင်းဆရာများကျင့်သုံးရမည့် နည်းဗျူဟာများကို နားလည်ထားပါသည်။ ထိုကဲ့သို့ဗဟုသုတပိုင်းတွင် ကျယ်ပြန့်ကျေညက်မှုကြောင့် သူ၏မိတ်ဆွေများသာမက ရန်သူများကပင် လေးစားခြင်းခံရသူတစ်ဦးဖြစ်သည်။ သူသည် မိမိကိုရန်မူသူများအား ၎င်းတို့ကို ထောက်ခံနေသူ၏ အားနည်းချက်နှင့် အသိပညာနည်းပါးမှုများကို ထောက်ပြကာ ဘာသာရေးပြန်လည်ထူထောင်ရေး လုပ်ငန်းအပေါ် မစော်ကားအောင် ကာကွယ်ခဲ့ပါသည်။ HFB 64.3

ဝစ်ကလစ်သည် ကောလိပ်ကျောင်းသားဘဝမှစ၍ သမ္မာကျမ်းစာကို စတင်လေ့လာခဲ့ပါသည်။ ထိုအချိန်သို့မရောက်မီ စာပေသင်ကြားမှုဆိုင်ရာ လေ့လာမှုများနှင့် အသင်းတော်ဆိုင်ရာ သွန်သင်ခြင်း ဘာသာရပ်များက ကျေနပ်မှုမပေးစွမ်းနိုင်သော လိုအင်ဆန္ဒကြီးတစ်ခု သူ၌ရှိနေပါသည်။ နှုတ်ကပတ်တော်တွင် သူရှာဖွေနေသော အရာကိုတွေ့ခဲ့ပါသည်။ ဤတွင် ခရစ်တော်ကို တစ်ပါးတည်းသော ကြားဖျန်ဖြေသူတစ်ဦးအဖြစ် ဖေါ်ပြထားသည်ကို သူတွေ့ရပါသည်။ သို့နှင့် သူတွေ့ရှိထားသော သမ္မာတရားကို ဟစ်ကြွေးရန် သူဆုံးဖြတ်ခဲ့ပါသည်။ HFB 65.1

ဝစ်ကလစ်သည် အစဦးလုပ်ဆောင်မှုအပိုင်းတွင် ရောမအသင်းတော်ကို ဆန့်ကျင်ခဲ့ခြင်း မရှိသော်လည်း ရဟန်းမင်းအဖွဲ့၏ မှားယွင်းမှုများကို ပို၍သိရှိလာသည်နှင့်အမျှ သမ္မာကျမ်းစာ၏ သွန်သင်ချက်များကို ပို၍ပို့ချခဲ့ပါသည်။ ရောမအသင်းတော်သည် ကျမ်းစာကိုစွန့်ကာ ရိုးရာဓလေ့နောက်သို့ လိုက်နေပြီကိုလည်း သူမြင် ခဲ့သည်။ သမ္မာကျမ်းစာကို စွန့်ပစ်ထားခြင်းအတွက် ရဟန်းပျိုအဖွဲ့ကို သူအပြစ်တင်ရုံသာမက အသင်းတော်အား ကျမ်းစာကိုပြန်လည် ဖတ်ရှုခွင့်ပြုပြီး သမ္မာတရား၏ ဖွင့်ဆိုချက်များဖြင့် အသင်းတော်ကို တည်ဆောက်ရန် သူတောင်းဆိုခဲ့ပါသည်။ သူသည် စကားပြော ကောင်းသောတရားဟောဆရာ တစ်ဦးဖြစ်ရုံသာမက သူ၏နေ့စဉ် အသက်တာသည်လည်း သူဟောသော တရားနှင့် ကိုက်ညီသူတစ်ဦး ဖြစ်ပါသည်။ သူတတ်ကျွမ်းသောကျမ်းပညာ၊ စင်ကြယ်သောသူ့အသက်တာ၊ သမ္မာသတိ၊ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော သူ့အသက်တာတို့ကြောင့် လူအများက သူ့ကိုလေးစားကြသည်။ လူအများသည် ရောမအသင်းတော်တွင် ဖြစ်ပျက်နေသော မကောင်းမှုများကို မြင်တွေ့ လာကြကာ ဝစ်ကလစ်တင်ပြသော သမ္မာတရားများကို ပွင့်လင်းသော ဝမ်းသာအားရမှုများဖြင့် ကြိုဆိုခဲ့ကြပါသည်။ မိမိတို့ထက် ထိုသူက လူအများပေါ်မှာ ပို၍ဩဇာရှိနေသောကြောင့် ရဟန်းမင်းအဖွဲ့မှ ခေါင်းဆောင်များသည် ဒေါသထွက်နေကြပါသည်။ HFB 65.2