မျက်မှောက်ကာလ မှ ထာဝရကာလသို့

152/249

အခန်း (၂၄) - ခရစ်တော်သည်မည်သည့်အမှုတော်ကို ယနေ့ဆောင်ရွက်နေသနည်း

သန့်ရှင်းရာဌာနတော်ဆိုင်ရာအကြောင်းအရာများက စိတ်ပျက် ရခြင်း၏ နက်နဲသောအကြောင်းရင်းများကို ဖွင့်ဟဖေါ်ပြခဲ့သည်။ မြော်လင့်ခြင်းဆိုင်ရာလှုပ်ရှားမှုအပေါ် ဘုရားသခင်အုပ်စီးထားကြောင်း ထင်ရှားစေသည့် သမ္မာတရား၏စုံလင်သောစနစ်တစ်ခုကိုလည်း မြင်သာစေခဲ့ ပါသည်။ ဘုန်းတော်ဖြင့် ဒုတိယအကြိမ်ကြွလာမည့် ကိုယ်တော်ရှင်ကို ယုံကြည်ခြင်းအားဖြင့် မြော်လင့်ခဲ့သူများသည် မြော်လင့်ချက်မပြည့်စုံသဖြင့် စိတ်ပျက်ဝမ်းနည်းကာ ခရစ်တော်ကို မျက်ခြည်ပြတ်သွားခဲ့ကြသည်။ ယခုတွင်မူ မကြာမီတွင် ဘုရင်တစ်ပါး၊ ရွေးနုတ်ရှင်တစ်ပါးအဖြစ်နှင့် ကြွလာတော့မည့် ၎င်းတို့၏ ယဇ်ပုရောဟိတ်မင်းကြီးကို အသန့်ရှင်းဆုံးအခန်းထဲမှာ တွေ့မြင်နေရပါသည်။ သန့်ရှင်းရာဌာနတော်မှ ထွန်းတောက်လာသော အလင်းတန်းသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို ထင်ရှားစေပါသည်။ မိမိတို့ယူဆောင်လာသည့် သတင်းစကားကို သူတို့ နားလည်ရန် ပျက်ကွက်ခဲ့ကြသော်လည်း ထိုသတင်းစကားသည် ၎င်းတို့အား အမှန်ဘက်သို့ပြင်ဆင်ပေးခဲ့ပါသည်။ HFB 453.1

မှားယွင်းမှုသည် အနာဂတ္တိကျမ်းဆိုင်ရာ အချိန်သတ်မှတ်ချက်တွင် မဟုတ်ဘဲ နှစ်ပေါင်း ၂၃၀၀ အဆုံးတွင်ဖြစ်ပျက်မည့်အကြောင်းအရာ သတ်မှတ်ချက်တွင် ဖြစ်နေပါသည်။ သို့စေကာမူ အနာဂတ္တိကျမ်းတွင် ကြိုတင် ဖွင့်ဆိုထားသမျှသည် ပြည့်စုံပြီးမြောက်ခဲ့ပါသည်။ HFB 453.2

ခရစ်တော်ကြွလာသောနေရာမှာ ဤကမ္ဘာကြီးမဟုတ်ဘဲ ကောင်းကင်ဘုံမှ သန့်ရှင်းရာဌာနတော်၏ အသန့်ရှင်းဆုံးအခန်းဖြစ်ပါသည်။ ‘‘ထိုညအခါ ငါသည်အာရုံပြု၍ လူသားနှင့်တူသောသူတစ်ဦးသည် မိုးတိမ်ကို စီးလျက် (ဤကမ္ဘာကြီးသို့မဟုတ်ဘဲ) အသက်ကြီးသောသူ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့သွင်းကြ၏။’’ ဒံ၊ ၇:၁၃။ HFB 454.1

ဤအကြောင်းအရာကို မာလခိအနာဂတ္တိကျမ်းတွင်လည်း ကြိုတင် ဟောကိန်းထုတ်ထားပါသည်။ ‘‘ကြည့်ရှုလော့၊ ငါသွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို ငါစေလွှတ်မည်။ သင်တို့ရှာသောသခင်၊ သင်တို့တောင့်တသော ပဋိညာဉ်တမန်တော်သည် မိမိဗိမာန်တော်ကို ချက်ချင်းလာလိမ့်မည်။ ကြည်ရှုလော့၊ ထိုသခင်လာလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။’’ မာလခိ ၃:၁။ မိမိ၏ဗိမာန်တော်သို့ သခင်ဘုရား ကြွလာခြင်းသည် ‘‘ချက်ချင်း’’ ဖြစ်ပြီ ၎င်း၏လူတို့မြော်လင့်မထားသော အချိန်တွင် ကြွလာခြင်းဖြစ်သည်။ ထိုသူတို့သည် ထိုနေရာသို့ ကိုယ်တော်ကြွ လာမည်ဟု မြော်လင့်မထားခဲ့ကြချေ။ HFB 454.2

ကိုယ်တော်ကိုကြိုဆိုရန် သူတို့အဆင်သင့်မရှိကြသေးဘဲ ပြင်ဆင်စရာများ ရှိနေဆဲဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် အမှုတော် ထမ်းဆောင်နေသော ထိုသူများအား ယဇ်ပုရောဟိတ်မင်း၏ နောက်တော်သို့ လျှောက်လိုက်စဉ်တွက် ကျင့်ဆောင်ရမည့် တာဝန်အသစ်များကို ဖေါ်ပြတော် မူခဲ့ပါသည်။ အသင်းတော်အတွက်လည်း အခြားသတင်းစကားတစ်ခု ပေးရန်ရှိနေပါသေးသည်။ HFB 454.3