မျက်မှောက်ကာလ မှ ထာဝရကာလသို့

144/249

အခန်း (၂၃) - ဗိမာန်တော်၌ဖွင့်ဟထားသောနက်နဲသည့်အရာ

ကြွလာခြင်းနှင့်ဆိုင်သော ယုံကြည်ခြင်း၏အုတ်မြစ်နှင့် အရာအားလုံး၏အထက်တွင်ရှိပြီး ဗဟိုကျောက်တိုင်ကြီးဖြစ်သော သမ္မာကျမ်းစာက ‘‘ရက်ပေါင်းနှစ်ထောင့်သုံးရာတိုင်တိုင်တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တစ်ဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်’’ ဟု ဖွင့်ဆိုထားသည်။ ဒံယေလ ၈:၁၄။ ဤစကားလုံးများသည် ကြွလာခြင်းကို မြော်လင့်နေသူများအားလုံးနှင့် ရင်းနှီးနေသော စကားလုံးများဖြစ်သည်။ သို့သော် ခရစ်တော်ကြွလာတော်မမူသေးပါ။ နှုတ်ကပတ်တော်သည် မမှားယွင်း နိုင်သော်လည်း အနာဂတ္တိစကားကို အနက်ပြန်ဆိုမှုတွင် အမှားအယွင်း ရှိနိုင်သည်ဟု ယုံကြည်သူများသဘောပေါက်ကြပါသည်။ HFB 435.1

ကြွလာခြင်းဆိုင်ရာလှုပ်ရှားမှုတွင် ယုံကြည်သူများကို ထာဝရဘုရား လမ်းပြခဲ့သည်။ ထိုကြောင့် ကိုယ်တော်သည် ထိုအမှုတော်ကြီးကို စိတ်ပျက် ဝမ်းနည်းခြင်းနှင့်လည်းကောင်း၊ တစ်ယူသန်သူများအဖြစ် ယုံကြည်သူများကို အပြစ်တင်ခြင်းများဖြင့်လည်းကောင်း အဆုံးမသတ်စေလိုတော်မူပါ။ လူများစွာ တို့သည် အနာဂတ္တိဆိုင်ရာ အချိန်ရေတွက်မှုများကို ဆက်မလုပ်ကြရုံသာမက မြော်လင့်ခြင်းဆိုင်ရာ လှုပ်ရှားမှုများကိုလည်း၊ ငြင်းပယ်လာကြသော်လည်း တချို့မှာမူ ဝိညာဉ်တော်နှင့်တကွ သမ္မာကျမ်းစာက ထောက်မထားသည့် ယုံကြည်ခြင်းနှင့် အတွေ့အကြုံဆိုင်ရာ အချက်အလက်များကို ငြင်းပယ်ရန် ဆန္ဒမရှိကြချေ။ ရရှိထားပြီးသာအမှန်တရားများကို ကိုင်စွဲထားရန်မှာ မိမိတို့၏တာဝန်သာဖြစ်သည်ဟု မှတ်ယူကာ မှားယွင်းမှုများကို ရှာဖွေ ပြင်ဆင်ရန် ဆုတောင်းလျက် ကျမ်းစာကိုလေ့လာခဲ့ကြပါသည်။ အနာဂတ္တိ ဆိုင်ရာ အချိန်သတ်မျတ်ခြင်းများတွင် အမှားအယွင်းမရှိကြောင်း သူတို့တွေ့ရှိ သောအခါ ဗိမာန်တော်အကြောင်းအရာများကို အနီးကပ်ဆန်းစစ်ခဲ့ကြပါသည်။ HFB 435.2

ဤကမ္ဘာကြီးသည် သန့်ရှင်းသောဗိမာန်တော်ဖြစ်သည်ဟူသော အမြင်ကို ထောက်ခံထားသည့် အထောက်အထားများ သမ္မာကျမ်းစာတွင် မရှိကြောင်း သူတို့လေ့လာတွေ့ရှိခဲ့ကြပါသည်။ ဗိမာန်တော်နှင့်ပတ်သက်သည့် သဘာဝတည်နေရာနှင့် အခမ်းအနားများအကြောင်း ပြည့်စုံသောရှင်းလင်း ချက်များကို ဟေဗြဲ ၉:၁-၅ တွင် သူတို့တွေ့ရှိခဲ့ကြသည်။ HFB 436.1

‘‘တစ်နည်းကား ပထမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့် လည်းကောင်း၊ လောကီသန့်ရှင်းရာဌာနတော်နှင့်လည်းကောင်း စပ်ဆိုင်သည်။ အဘယ်သို့နည်းဟူမူကား၊ ဟဂျာဟုခေါ်သော ပထမတဲတော်သည် ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏။ ဒုတိယကန့်လန့်ကာအတွင်း၌ ဟဂျာဟဂျုန်ဟုခေါ်ဝေါ်သော တဲတော်ရှိ၏။ ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေဖြင့်မွမ်းမံသောပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာရှိ မန္နကိုထားသော ရွှေအိုး၊ အပွင့်ပွင့်သောအရုန်၏လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့သည်ရှိကြ၏။ ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာပလ္လင်ကိုလွှမ်းမိုးလျက် ရှိကြ၏။ ထိုအရာများကို ယခုသေချာစွာပြောစရာအကြောင်းမရှိ။’’ ထိုသန့်ရှင်းရာဌာနတော် (သန့်ရှင်းရာဗိမာန်တော်) သည် လောကတွင် ဘုရားသခင်ကိန်းဝပ်ရာဖို့ အမိန့်တော်အတိုင်း မောရှေ ဆောက်လုပ်ခဲ့သည်တဲတော်ပင်ဖြစ်သည်။ ‘‘ငါသည် သင်တို့တွင်ကိန်းဝပ်ရာဖို့ သန့်ရှင်းရာဌာနတော်ကိုလုပ်ကြစေ’’ ဟူသော အမိန့်တော်မှာ မောရှေအား ဘုရားသခင်ညွှန်ကြားခဲ့သော အမိန့်တော်ဖြစ်၏။ (ထွက် ၂၅:၈)။ တဲတော်မှာ ကြီးကျယ်ခမ်းနားသည့် အဆောက်အအုံတစ်ခုဖြစ်သည်။ အပြင်ပရိဝုဏ် ပါရှိသည့်အပြင် လှပတင့်တယ်သောကန့်လန့်ကာနှင့်ခြားထားသည့် သန့်ရှင်းရာ အခန်းနှင့် အသန့်ရှင်းဆုံးအခန်းဟုခေါ်သော အခန်းနှစ်ခန်းအတွင်းတွင် ပါရှိပါသည်။ သန့်ရှင်းရာအခန်းအဝင်ပေါက်ကိုလည်း တင့်တယ်သော ကန့်လန့်ကာတစ်ခုဖြင့် ကာပိတ်ထားပါသည်။ HFB 436.2