မျက်မှောက်ကာလ မှ ထာဝရကာလသို့

117/249

အခန်း (၁၉) - အဘယ်ကြောင့်အကြီးအကျယ် စိတ်ပျက်ခဲ့လေသနည်း

ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့သော ဘုရားသခင်၏ အမှုတော်သည် ကြီးကျယ်သောဘာသာရေးပြောင်းလဲရေးများတွင်လည်းကောင်း၊ ဘာသာရေး လှုပ်ရှားမှုများတွင်လည်းကောင်း ထပ်တူထပ်မျှတူညီသောအရာတစ်ခုကို တင်ဆက်နေပါသည်။ လူသားများအပေါ် ဘုရားသခင်ဆက်ဆံသောစည်းမျဉ်း နိယာမများမှာလည်း အမြဲတမ်းအတူတူပင်ဖြစ်ပါသည်။ ရှေးခေတ်လှုပ်ရှားမှု များ ရင်ဆိုင်ခဲ့ရသောအရာများကို မျက်မှောက်ခေတ်လှုပ်ရှားမှုများသည်လည်း အလားတူရင်ဆိုင်ကြရသည်။ ရှေးခေတ်အသင်းတော်များ၏ အတွေ့အကြုံ များသည် ကျွန်ုပ်တို့ခေတ်အတွက် သင်ခန်းစာများဖြစ်နေပါသည်။ HFB 364.1

ကယ်တင်ခြင်းနှင့်ပတ်သက်သောအမှုတော်ကို ဆောင်ရွက်နေသည့် ကမ္ဘာပေါ်ရှိအမှုတော်ဆောင်များအား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်သည်လမ်းပြတော်မူသည်။ လူသားများသည် ဘုရားသခင်၏ လက်တော်တွင်ရှိသည့် ကိရိယာတန်ဆာပလာများသာဖြစ်ကြ၏။ ပေးအပ်ထားသောတာဝန်များကို ထမ်းဆောင်နိုင်ရန် လူသားတိုင်းအား လုံလောက်သောအလင်းတရားများကို ပေးသနားတော်မူသည်။ သို့ရာတွင် မည်သူမျှ သူ့ခေတ်သူ့အခါအတွက် လုပ်ဆောင်ရမည့်အမှုတော်အပေါ် ထားရှိသည့် ဘုရားသခင်၏ အကြံတော်ကို ပြည့်ပြည့်စုံစုံနားမလည်ခဲ့ကြချေ။ နာမတော်အားဖြင့် ၎င်းတို့ဟောကြားနေသည့် သတင်းစကား၏ အာဘော် အားလုံးကိုလည်း လူသားများ ပြည့်ပြည့်စုံစုံနားမလည်ကြချေ။ ပုရောဖက်များပင်လျှင် ၎င်းတို့အားအပ်နှင်းထားသည့် ဗျာဒိတ်တော်များကို စုံစုံ လင်လင်နားမလည်ခဲ့ကြချေ။ ထိုကြောင့် အနက်အဓိပ္ပါယ်ကို တစ်ခေတ်ပြီး တစ်ခေတ် ဖွင့်ဟသွားကြရန်ဖြစ်ပါသည်။ HFB 364.2

‘‘ထိုကယ်တင်ခြင်းအကြောင်းအရာကို ပုရောဖက်တို့သည် စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေ၍ သင်တို့ခံရသောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော်ခံတော်မူရသောဆင်းရဲခြင်းကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသောဘုန်းစည်းစိမ်ကိုလည်းကောင်း၊ သူတို့ အထဲ၌ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ အဘယ် မည်သောသူကိုလည်းကောင်း၊ အဘယ်သို့သော အချိန်ကာလကိုလည်းကောင်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။ ကိုယ်ဟောပြောပြုစုရသော အရာများတို့သည် ကိုယ်အဖို့မဟုတ်။ သင်တို့အဖို့ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။’’ ၁ပေ၊ ၁:၁၀-၁၂။ ဘုရားသခင်၏ သားသမီးများဖြစ်သည့် ခရစ်ယာန်များအတွက် နမူနာယူစရာကောင်းလှပါသည်။ ဘုရားသခင်၏ သန့်ရှင်းသူများသည် ထိုစဉ်ကမမွေးသေးသော လူသားမျိုးဆက်အတွက် ပေးထားတော်မူသည့် ဗျာဒိတ်တော်နှင့် ပတ်သက်သောအရာများကို စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေခဲ့ကြသည်။ အနာဂတ္တိစကားများကို နားမလည်နိုင်သော အရာများဟူ၍ ဖွင့်ဟရန် ကျေနပ်နေသည့် ဤလောကကို ချစ်ပြီး ဘုရားတရား၌ စိတ်ဝင်စားမှု မရှိသူများအတွက် အပြစ်တင်စရာ ဖြစ်နေပါတကား။ HFB 365.1

ဘုရားသခင့်ကျွန်တို့၏ စိတ်နှလုံးများတို့သည် နှုတ်ကပတ်တော်တွင် ဖေါ်ပြထားသည့်အရာများကို တစ်ပိုင်းတစ်စလောက်ကိုသာ ဆုပ်ကိုင်နိုင် လောက်သည့်အခြေအထိ ရိုးရာဓလေ့နှင့် မှားယွင်းသောသွန်သင်ချက် များကြောင့် ဝိညာဉ်ရေးမျက်စိများကွယ်နေကြပါသည်။ ခရစ်တော်နှင့်အတူ ရှိနေသောအချိန်မှာပင် မေရှိယအား ဣသရေလတိုင်းပြည်ကို နေမဝင်တိုင်းပြည် ကြီးဖြစ်လာအောင် စွမ်းဆောင်ပေးမည့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် ယူဆသည့် ရေပန်းစားနေသော ထင်မြင်ချက်မျိုး တမန်တော်များ၌ရှိနေခဲ့ပါသည်။ ခရစ်တော်ခံရမည့်ဒုက္ခဆင်းရဲခြင်းနှင့် အသေခံခြင်းတို့အကြောင်း ကြိုတင် ဟောကိန်းထုတ်နေသည့်စကားများကို သူတို့နားမလည်နိုင်ခဲ့ကြချေ။ HFB 366.1

‘‘အချိန်ပြည့်စုံပြီ’’ ‘‘အချိန်ပြည့်စုံပြီ။ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ။ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့’’ ဟူသော သတင်း စကားနှင့်အတူ တမန်တော်များကို ခရစ်တော် စေလွှတ်တော်မူခဲ့သည်။ မာကု ၁:၁၅။ ထိုသတင်းစကားသည် ဒံယေလအခန်းကြီး ၉ ကို အခြေပြုထားပါသည်။ ‘‘ခရစ်တော်သခင်၏ လက်ထက်တိုင်အောင် ၆၉ သီတင်း ကြာလိမ့်မည်။’’ ကမ္ဘာတစ်ခုလုံးကိုအုပ်ချုပ်ရန် ယေရုရှလင်မြို့၌ မေရှိယ၏ နိုင်ငံတော် တည်ထောင်မည့်အရေးကို တမန်တော်များ မှန်းမျှော်ခဲ့ ကြပါသည်။ HFB 366.2

သူတို့သည် သတင်းစကား၏အဓိပ္ပါယ်ကို နားမလည်ကြသော်လည်း ၎င်းတို့၌အပ်နှံထားသော ထိုသတင်းစကားကို ဟောပြောကြ ပါသည်။ ၎င်းတို့ကြွေးကြော်နေသောအရာသည် ဒံယေလ ၉:၂၅ ကို အခြေပြု ထားသော်လည်း ‘‘ခရစ်တော်သည် အသေသတ်ခြင်းကို ခံရလိမ့်မည်’’ ဆိုသော နောက်ကျမ်းချက်ကို သူတို့မတွေ့မြင်ခဲ့ကြချေ။ လောကအင်ပါယာကြီး၏ ဘုန်းစည်းစိမ်ကိုသာ သူတို့တောင့်တနေကြရာ ဤသဘောထားသည် သူတို့၏ နားလည်တတ်သော ဝိညာဉ်ရေးမျက်စိကိုကွယ်စေခဲ့သည်။ ဒါဝဒ်၏သလွန် ထက်ဝယ် ခရစ်တော်နန်းတက်မည်ဟု သူတို့မျှော်လင့်ထားသောအချိန်တွင် ကိုယ်တော်အဖမ်းခံရခြင်း၊ အရိုက်ခံရခြင်း၊ အစော်ကားခံရခြင်း၊ ကပ်တိုင်ပေါ်ကိုတင်ပြီး အသတ်ခံရခြင်းများကိုသာ မြင်ခဲ့ကြရာ ထိုတမန်တော် များသည် အလွန်စိတ်ပျက်အားငယ်သွားခဲ့ကြပါသည်။ HFB 366.3

ခရစ်တော်သည် ကြိုတင်ဟောကိန်းထုတ်ခဲ့သည့်အချိန်တွင် တိတိကျကျရောက်ရှိလာခဲ့သည်။ သမ္မာကျမ်းစာ၏ဖွင့်ဆိုချက်များသည် အသေးစိတ်ကအစ ပြည့်စုံခဲ့ပါသည်။ ခရစ်တော်ဆောင်ရွက်မည့် ဘုရားအမှုတော်မြတ်အကြောင်းကို နှုတ်ကပတ်တော်နှင့် ဝိညာဉ်တော်ဘုရားက အတူတကွသက်သေခံခဲ့ကြပါသည်။ သို့စေကာမူ တမန်တော်များ၏ စိတ်တွင် သံသယရှိဆဲဖြစ်ပါသည်။ ယေရှုသည် မေရှိယမှန်လျှင် ၎င်းတို့အား ထိုကဲ့သို့ ဝမ်းနည်းစရာ၊ စိတ်ပျက်စရာများနှင့် ရင်ဆိုင်စေခဲ့မည်လား။ ဤမေးခွန်းသည် ခရစ်တော်၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြား မြော်လင့်ချက်ကင်း နေသောဥပုသ်နေ့တွင် ၎င်းတို့၏စိတ်နှလုံးကို ဒုက္ခပေးခဲ့သော မေးခွန်းဖြစ်သည်။ HFB 367.1

သို့သော် ကိုယ်တော်သည် သူတို့ကိုစွန့်ပစ်ထားတော်မမူချေ။ ‘‘ငါသည် မှောင်မိုက်၌ထိုင်ရသော်လည်း ထာဝရဘုရားသည် ငါ၏အလင်းဖြစ်တော်မူလိမ့်မည်။---ငါ့ကို အလင်းထဲသို့ထုတ်၌ နေရာ ပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်းပါရမီတော်ကို ငါမြင်ရလိမ့်မည်။’’ ‘‘သဘောဖြောင့်သောသူတို့အဖို့ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။’’ ‘‘သူတို့ရှေ့မှာ မှောင်မိုက်ကိုလင်းစေမည်။ ကောင်သောလမ်းကိုလည်း ဖြောင့်စေမည်။ ထိုသို့သောကျေးဇူးကိုပြုမည်။ သူတို့ကိုမစွန့်ပစ်။’’ မိက္ခာ ၇:၈-၉။ ဆာလံ ၁၁၂:၄။ ဟေရှာယ ၄၂:၁၆။ HFB 367.2

‘‘အချိန်ပြည့်စုံပြီ။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ’’ ဟူသော တမန်တော်များ၏ ကြွေးကြော်မှုသည် မှန်ကန်လှ၏။ ခရစ်တော်၏ လက်ထက် တိုင်အောင် ကြာမည့်သီတင်း ၆၉ ပတ်အဆုံးတွင် ခရစ်တော်သည် နှစ်ခြင်းဆရာယောဟန်ထံတွင် နှစ်ခြင်းမင်္ဂလာယူပြီးနောက် ဝိညာဉ်တော်ဘုရား၏ ဘိသိက်ပေးခြင်းကို ခံတော်မူ၏။ ‘‘ဘုရားသခင်၏ နိုင်ငံတော်’’ မှာ ၎င်းတို့အား ယုံကြည်ဖို့ သွန်သင်ထားသလို လောကအင်ပါယာကြီး မဟုတ်သည့်အပြင် ‘‘မင်းကြီးအပေါင်းတို့ တိုးဝင် ကျွန်ခံမည့်’’ မသေမပျောက်နိုင်သည့် အနာဂတ်နိုင်ငံတော်ကြီးလည်း မဟုတ်ပါချေ။ ဒံယေလ ၇:၂၇။ HFB 368.1

‘‘ဘုရားသခင်၏နိုင်ငံတော်’’ ဟုဆိုရာ၌ ကျေးဇူးတော်နိုင်ငံတော်နှင့် ဘုန်းဝင်စားမည့်နိုင်ငံတော်နှစ်ခုစလုံးကို ဆိုလိုခြင်းဖြစ်ပါသည်။ ‘‘ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူး တော်ကိုလည်းကောင်း ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးတော် ပလ္လင်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့’’ ဟု တမန်တော်ရှင်ပေါလုက ပြောခဲ့ပါသည်။ ဟေဗြဲ ၄:၁၆။ ပလ္လင်တော်တည်ရှိခြင်းသည် နိုင်ငံတော်တည်ရှိခြင်းကိုဆိုလို ပါသည်။ ခရစ်တော်သည် လူသားများ၏ နှလုံးသားများအပေါ်တွင် လှုပ်ရှားနေသော ကျေးဇူးတော်ကိုညွှန်ပြရန် ‘‘ကောင်းကင်နိုင်ငံတော်’’ ဟူသောအသုံးအနှုန်းကို အသုံးပြုတော်မူခြင်းဖြစ်သည်။ ထိုနည်းနှင်နှင် ဘုန်းတော်ပလ္လင်သည်လည်း ဘုန်းတော်ဝင်စားမည့်နိုင်ငံတော်ကို ကိုယ်စား ပြုခဲ့ပါသည်။ မဿဲ ၂၅:၃၁-၃၂။ ဤနိုင်ငံတော်သည် အနာဂတ်တွင်သာ ရှိနေသေးရာ ခရစ်တော်ဒုတိယအကြိမ်ကြွမလာမီတိုင်အောင် မတည်ထောင်သေးချေ။ HFB 368.2

ခရစ်တော်သည် အသက်တော်ကိုစွန့်တော်မူစဉ်က ဧဒင်ဥယျာဉ်မှ အပြစ်သားစုံတွဲအားပြုခဲ့သော ကယ်တင်ခြင်းဆိုင်ရာ ကတိတော်ကို အတည်ပြုသည့်အနေဖြင့် ‘‘အမှုပြီးပြီ’’ ဟူ၍ ဟစ်ကြွေးခဲ့ပါသည်။ ကတိတော် အားဖြင့် ရှေးမဆွကတည်ရှိပြီးသားဖြစ်သော ကျေးဇူးတော်နိုင်ငံတော်ကို ထိုအချိန်တွင် တည်ထောင်ခဲ့ပါသည်။ HFB 369.1

မြော်လင့်ခြင်းပျက်ပြားမှုတစ်ခုအဖြစ် တမန်တော်များရှုမြင်ခဲ့ကြသော ခရစ်တော်၏သေခြင်းသည် ထိုကျေးဇူးတော်နိုင်ငံတော်ကို ထာဝရမြဲမြံစေပါသည်။ ကိုယ်တော်၏အသေခံခြင်းသည် အထူးစိတ်ပျက်စရာတစ်ခု ဖြစ်ခဲ့သော်လည်း ၎င်းတို့၏ယုံကြည်ခြင်းသည် မှန်ကန်မှုရှိကြောင်း သက်သေဖြစ်ပါသည်။ ၎င်းတို့အား စိတ်ပျက်အားလျော့ စေခဲ့သည့်ထိုဖြစ်ရပ်သည် ဘုရားသခင်၏ခေတ်အဆက်ဆက် သစ္စာရှိသူများ အတွက် မြော်လင့်ခြင်းတခါးကိုဖွင့်စေခဲ့ပါသည်။ HFB 369.2

ခရစ်တော်အပေါ်ထားရှိသော တမန်တော်တို့၏မေတ္တာတည်းဟူသော ရွှေစင်သည် အတ္တဆန်သောရည်ရွယ်ချက်များတည်းဟူသော အညံ့စားသတ္တုနှင့် ရောနှောနေပါသည်။ ၎င်းတို့၏အာရုံတွင် ပလ္လင်၊ သရဖူနှင့် ဘုန်းတန်ခိုးများနှင့်သာပြည့်ဝနေပါသည်။ ၎င်းတို့၏ မာနထောင်လွှားသော နှလုံးနှင့် လောကဘုန်းအသရေကို ဆာငတ်ခင်မွတ်ခြင်း များသည် နိုင်ငံတော်နှင့်ပတ်သက်သည့် စစ်မှန်သော သဘာဝကိုဖေါ်ပြနေသည့် ကိုယ်တော်၏နှုတ်ထွက်စကားများကို လည်းကောင်း၊ အသေသတ်ခံခြင်းကို ညွှန်ပြနေသော မိန့်တော်မူချက်များကိုလည်းကောင်း သတိမမူမိအောင် ဖြစ်သွားပါသည်။ ၎င်းတို့၏ စာရိတ္တကိုပြင်ဆင်ပေးနိုင်ရန် ခွင့်ပြုတော် မူလိုက်သည့်စမ်းသပ်မှုတွင် ဤအမှားများပေါ်ထွက်လာခဲ့ပါသည်။ ထိုတမန်တော်များလက်သို့ ထမြောက်တော်မူသော သခင်ဘုရား၏ ဧဝံဂေလိတရားမြတ်ကို အပ်နှံရန်ဖြစ်ရာ ၎င်းတို့အားပြင်ဆင်နိုင်ရန်အလို့ငှာ ခါးသီးပုံပေါ်သော ထိုအတွေ့အကြုံကို ၎င်းတို့အားခံစားစေခဲ့ပါသည်။ HFB 369.3

ခရစ်တော်သည် ရှင်ပြန်ထမြောက်ပြီးနောက် ဧမောက်သို့သွားနေသော တပည့်တော်များအား ကိုယ်ထင်ပြကာ ‘‘ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာဖော်ပြတော်မူ၏။’’ လုကာ ၂၄:၂၇။ ကိုယ်တော်၏ရည်ရွယ်ချက်မှာ ‘‘သာ၍မြဲမြံသော အနာဂတ္တိစကားများ’’ အပေါ်ထားရှိသည့် ၎င်းတို့၏ယုံကြည်ချက်ကို ပို၍ခိုင်မာစေရန်ဖြစ်ပါသည်။ ၂ပေ၊ ၁:၁၉။ ထိုသို့ဆိုရာ၌ မိမိ၏ပုဂ္ဂလိကသက်သေခံချက်ကြောင့်သာမဟုတ်ဘဲ ဓမ္မဟောင်းကျမ်းပါ အနာဂတ္တိများအားဖြင့် ထိုသူများ၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်ဖြစ်ပါသည်။ ဤဗဟုသုတကို မျှဝေရန် ပထမခြေလှမ်းအဖြစ် ဓမ္မဟောင်းကျမ်းမှ မောရှေနှင့် ပုရောဖက်များကို ခရစ်တော် ပြညွှန်တော်မူခဲ့ပါသည်။ HFB 370.1