အသင်းတော်အတွက သြဝါဒများ။ II
မိဘများက သဘောတူညီရမည်။
ကလေးသူငယ်များ၌ သိသာလွယ်၍ ခင်မင် နှစ်သက်တတ်သော ဝါသနာ ရှိတတ်၏။ သူတို့သည် အလွယ်တကူ နှစ်သက်တတ်၍ အလွယ်တကူ ဝမ်းနည်းတတ်သည်။ မေတ္တာနှင့် ပြောဆို ပြုမူလျက် ညင်သာစွာ ဆုံးမသွန်သင်ခြင်းအားဖြင့် မိခင်တို့သည် မိမိတို့၏ ကလေးသူငယ်များအား မိမိတို့ကို ချစ်ခင်စွဲလမ်းကာ မေတ္တာကြိုးဖြင့် ချည်နှောင်စေနိုင်၏။ ပြင်းထန်ခြင်း နှင့် ကြပ်တည်းခြင်း သဘောကို ကလေးသူငယ်များ အပေါ်၌ ပြခြင်း အမှုသည် အမှား တစ်ခု ဖြစ်၏။ အမြဲ နှင့် မှန်မှန် တည်ကြည်လျက် ဒေါသ မထွက်ဘဲ အုပ်ချုပ်မှုသည် အိမ်ထောင်တိုင်းကို ဆုံးမသွန်သင် စည်းကမ်းပေးရာ၌ လိုအပ်သော အချက် ဖြစ်သည်။ သင် ဆိုလိုသော အရာကို တည်ငြိမ်စွာ ပြောပြပါ၊ ဆင်ခြင် စဉ်းစားလျက် ပြုမူ၍ သင် ပြောဆိုသည်အတိုင်း အနည်းငယ်မျှ မလွဲဘဲ ဆောင်ရွက်လော့။7 CCB2 170.3
သားသမီးတို့သည် ကြင်နာ ထောက်ထားမှု နှင့် ချစ်ခြင်း မေတ္တာကို မည်မျှ တောင့်တ၍ သူတို့အား အပြစ်တင်လျက် ဒေါသနှင့် ကြိမ်းမောင်း ဆုံးမသောအခါ သူတို့သည် မည်မျှ စိတ်မကောင်း ဖြစ်ခဲ့ကြကြောင်း မိမိတို့၏ ငယ်ရွယ်စဉ် နှစ်ကာလများကို မိဘတို့သည် မမေ့အပ်ပေ။ သားသမီးတို့၏ လိုအပ်သော အရာတို့ကို သိရှိ နားလည်ရန် သူတို့သည် မိမိတို့၏ စိတ်သဘောကို ပြန်၍ ငယ်လာစေလျက် မိမိတို့ စိတ်ဉာဏ်ကို အောက်ကျလာစေရမည်။ သို့ရာတွင် တည်ကြည် မြဲမြံခြင်း နှင့် ချစ်ခြင်း မေတ္တာ ရောနှောလျက် သားသမီးတို့က မိမိတို့၏ စကားကို နားထောင်စေအောင် ပြုလုပ်ပေးဖို့ လိုပေသည်။ မိဘတို့၏ စကားကို သားသမီးတို့သည် နှောင့်နှေးခြင်း မရှိဘဲ တိကျသေချာစွာ လိုက်နာ စောင့်ရှောက်အပ်သည်။8 CCB2 171.1
မတည်မငြိမ်သော အိမ်ထောင် အုပ်ချုပ်ရေးသည် ကြီးစွာသော ဘေးဥပဒ်ကို ဖြစ်စေတတ်သည်။ အမှန်အားဖြင့် အုပ်ချုပ်မှု မရှိသလောက်ပင် ဆိုးပေသည်။ ဘာသာရေး၌ ကိုင်းရှိုင်းသော မိဘများတို့၏ သားသမီးတို့သည် အဘယ်ကြောင့် ခေါင်းမာ၊ ထင်ရှားစွာ တော်လှန် ပုန်ကန်ကြသနည်း ဟူသော မေးခွန်းကို မကြာခဏ မေးတတ်ကြသည်။ အိမ်ထောင်၌ သွန်သင် လေ့ကျင့်ပေးရေးတွင် အကြောင်းရင်းကို တွေ့ရှိရမည်။ CCB2 171.2
မိဘများသည် သဘောမတူ၊ သဘောချင်း မတိုက်ဆိုင်ကြလျှင်၊ နားလည်မှုကို ရရှိသည် အချိန်တိုင်အောင်၊ မိမိတို့ ကိုယ်တိုင် သားသမီးတို့ထံမှ ခွဲခွာနေပါစေ။ CCB2 171.3
ဤကဲ့သို့ ဆုံးမ သွန်သင်ခြင်း အလုပ်တွင် မိဘတို့သည် စည်းလုံးခြင်း ရှိကြလျှင်၊ မိမိအား အဘယ်သို့ ပြုစေလိုကြောင်းကို သားသမီးသည် နားလည်လာလိမ့်မည်။ သို့ရာတွင် ဖခင်သည် အပြောအဆို၊ အပြုအမူအားဖြင့် မိခင်က ဆုံးမ သွန်သင် စည်းကမ်းပေးမှုကို သဘောမတူကြောင်း ဖော်ပြလျှင်၊ မိခင်သည် အလွန် ကြပ်တည်း၍ ကြမ်းတမ်းမှုကို ပြေစေရန် ချော့မော၊ အလိုလိုက်ရမည်ဟု ဖခင်သည် ထင်မှတ်လျှင်၊ သားသမီးသည် ပျက်စီးသွားလိမ့်မည်။ သူသည် မိမိ သဘောအတိုင်း ပြုနိုင်သည်ဟု မကြာမီ သူသည် သိရှိလာလိမ့်မည်။ မိမိတို့၏ သားသမီးများအတွက် ဤ အပြစ်ကို ကျူးလွန်သော မိဘတို့သည် သူတို့၏ ဝိညာဉ် ဆုံးရှုံးရေးအတွက် အစစ်ခံရကြလိမ့်မည်။9 CCB2 172.1
မိဘတို့သည် ရှေးဦးစွာ မိမိတို့ ကိုယ်ကို အုပ်ချုပ် စိုးမိုးနိုင်အောင် လေ့ကျင့်ပေးရမည်၊ ထိုနောက်မှ မိမိတို့၏ သားသမီးတို့ကို သာ၍ အောင်မြင် အကျိုးဖြစ်ထွန်းစွာ အုပ်ချုပ်နိုင်လိမ့်မည်။ သူတို့သည် ကိုယ်ကိုကိုယ် ချုပ်တည်းနိုင်ခြင်း မရှိ၊ စိတ်မချုပ်တည်းနိုင်ဘဲ ပြောဆို ပြုမူသော အခါတိုင်း သူတို့သည် ဘုရားသခင်ကို ပြစ်မှား၏။ သူတို့သည် ပထမဦးစွာ သားသမီးတို့နှင့် ဆွေးနွေးပြောဆို၍ သူတို့၏ အမှားများကို သေချာစွာ ညွှန်ပြပြီး သူတို့၏ အပြစ်ကို ဖော်ပြရမည်။ ထိုနောက် သူတို့သည် မိဘများကို သာမက ဘုရားသခင်ကိုပင် ပြစ်မှားကြောင်း သူတို့အား သိမှတ်စေရမည်။ မိမိ၏ စိတ်နှလုံးကို နှိမ့်ချလျက်၊ သင်၏ မှားယွင်းသော သားသမီးအတွက် သနားကြင်နာခြင်း၊ ဝမ်းနည်းခြင်းနှင့် ပြည့်ဝလျက် သူတို့အား ပြုပြင် ဆုံးမခြင်း မပြုမီ သူတို့ နှင့်အတူ ဆုတောင်းပါ။ ထိုအခါ သင်၏ ဆုံးမခြင်း အမှုကြောင့် သင်တို့၏ သားသမီးတို့သည် သင်တို့ကို မုန်းကြလိမ့်မည် မဟုတ်။ သူတို့သည် သင်တို့ကို ချစ်လာလိမ့်မည်။ သူတို့သည် သင်တို့အား စိတ်မသက်သာစေ သောကြောင့်၊ သို့မဟုတ် သူတို့ အပေါ်၌ သူတို့၏ မနှစ်သက်ဖွယ် သဘောကို ပြလိုသောကြောင့် အပြစ်ဒဏ်ပေးခြင်း မဟုတ်ဘဲ၊ သူတို့သည် အပြစ်၌ နစ်နေစေရန် ပစ်ထားခြင်း မခံရမည် အကြောင်း၊ သူတို့၏ ကောင်းကျိုးအတွက် တာဝန် ဝတ္တရားကို သိနားလည်ခြင်းကြောင့်သာ ဆုံးမ ပြစ်ဒဏ် ပေးရကြောင်းကို သူတို့ သိမြင်လာကြလိမ့်မည်။10 CCB2 172.2