အသင်းတော်အတွက သြဝါဒများ။ II

43/197

အခန်း ၃၅။—အိမ်ထောင်တွင် ဝိညာဉ်ရေး သြဇာများ။

ကျွန်ုပ်တို့သည် မိမိတို့၏ အိမ်ထောင်များ၌ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ၎င်းအတွက် ယုံကြည်ရမည်၊ ၎င်းအတွက် အသက်ရှင်ရမည်။ ၎င်းပြင် ဘုရားသခင်၌ အစဉ်အမြဲ ဆက်လက်၍ ယုံကြည် အားကိုးရကြမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်တို့အား တားမြစ်ထားသော အရာသည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဖြစ်ပေသည်။ ၎င်းသည် ကျွန်ုပ်တို့၊ အိမ်ထောင် နှင့် ကျွန်ုပ်တို့ ပတ်လည်ရှိ လူအပေါင်းတို့၏ ပျော်ရွှင်ရေးကို တိုးပွားစေ၏။ ၎င်းတို့သည် ကျွန်ုပ်တို့ ဝါသနာကို စင်ကြယ်စေ၏။ ကျွန်ုပ်တို့၏ ဝေဖန်ခြင်း သဘောကို သန့်ရှင်းစေ၍ စိတ်ငြိမ်သက်ခြင်း နှင့် အဆုံး၌ ထာဝရအသက်ကို ရရှိစေ၏။ စောင့်ရှောက်သော ကောင်းကင်တမန်တို့သည် ကျွန်ုပ်တို့၏ အိမ်များ ပတ်လည်တွင် သွားလာနေကြလျက် ဝိညာဉ် အသက်တာ၌ ကျွန်ုပ်တို့၏ တိုးတက်ခြင်း အကြောင်းကို ကောင်းကင်သို့ ဝမ်းမြောက်စွာ သတင်းပို့ကြသဖြင့် မှတ်တမ်းရေးသော ကောင်းကင်တမန်များက အားရဝမ်းမြောက်ဖွယ် မှတ်တမ်းကို ရေးမှတ်ကြလိမ့်မည်။ CCB2 85.1

အိမ်ထောင် အသက်တာ၌ သခင်ခရစ်တော်၏ ဝိညာဉ်တော်သည် အမြဲ သြဇာညောင်းလျက် ရှိလိမ့်မည်။ ယောက်ျား၊ မိန်းမတို့သည် ကောင်းကင်မှ သက်ရောက်စေသော သမ္မာတရား နှင့် မေတ္တာကို လက်ခံရန် မိမိတို့၏ စိတ်နှလုံးကို ဖွင့်ပေးကြလျှင်၊ ဤ အခြေခံ တရားများသည် သဲကန္တရတွင် ရှိသော ချောင်းရေကဲ့သို့ တစ်ဖန် စီးဆင်းလာကြ၍ အရာ ခပ်သိမ်းကို အားပြည့်စေသဖြင့်၊ ယခု သစ်ပင် ကင်းမဲ့၍ ခြောက်သွေ့သော နေရာတွင် လတ်ဆတ်စိမ်းလန်းနေစေလိမ့်မည်။ 1 CCB2 85.2

အိမ်ထောင်၌ ဘာသာတရားကို ဂရုမစိုက်ခြင်း၊ သင်တို့၏ သားသမီးများကို သွန်သင်ခြင်း မပြုဘဲ နေခြင်း အမှုကို ဘုရားသခင်သည် နှစ်သက်တော်မမူ။ သင်တို့၏ သားသမီး တစ်စုံတစ်ယောက်သည် မြစ်ထဲ၌ ပုတ်ခတ်နေ၍ နစ်လုမတတ် ဒုက္ခရောက်နေလျှင်၊ မည်မျှ လှုပ်ရှားခြင်း ရှိမည်နည်း။ လူ၏ အသက် ကို ကယ်ဆယ်ရန် မည်မျှ ကြိုးစားရမည်နည်း၊ မည်မျှ ဆုတောင်းကြမည်နည်း။ သို့ရာတွင် ဤ နေရာ၌ သင်တို့၏ သားသမီးတို့သည် သခင်ခရစ်တော် နှင့် ကင်းကွာနေကြလျက် သူတို့၏ ဝိညာဉ်သည် ကယ်တင်ခြင်း မခံရကြ။ သူတို့သည် ရိုင်းစိုင်း၍ ယဉ်ကျေးခြင်း မရှိတတ်ကြ၊ ကြွလာတော်မူခြင်းကို မျှော်လင့်သော အသင်း၏ နာမည်ကို ကဲ့ရဲ့စရာ ဖြစ်လိမ့်မည်။ သူတို့သည် လောက၌ မျှော်လင့်ခြင်း ကင်းလျက် ဘုရားမဲ့ ဖြစ်ပြီး ပျက်စီးနေကြ၏။ ၎င်းပြင် သင်တို့သည် သူတို့ကို ဂရုမစိုက် အမှုမထားဘဲ နေကြ၏။ CCB2 85.3

လူများတို့အား ဘုရားသခင်ထံမှ ဝေးကွာသွားစေရန် စာတန်သည် အမျိုးမျိုး ကြိုးစား၍ သွေးဆောင်၏။ လောကီ အလုပ်အကိုင်၌ စိုးရိမ်ကြောင့်ကြခြင်းကြောင့် ဘာသာတရားကို လိုက်စားသော အသက်တာသည် ပျောက်ကွယ်သွားသောအခါ၊ လောကီ အလုပ်အကိုင်၌ စိတ်ဝင်စားနေစဉ်၊ ကျမ်းစာဖတ်၍ တိတ်ဆိတ်စွာ ဆုတောင်းလျက် နံနက် နှင့် ညတွင် ကျေးဇူးတော် ချီးမွမ်းခြင်းယဇ်ကို ယဇ်ပလ္လင်ပေါ်၌ ပူဇော်ရန် သူတို့သည် အချိန် မရကြသောအခါ၊ စာတန်သည် မိမိ၏ ရည်ရွယ်ချက်တွင် အောင်မြင်လာ၏။ လှည့်ဖြားသော သူ၏ ပရိယာယ်ကို သိနားလည်သော သူ မည်မျှ နည်းသလဲ။ သူ၏ အကြံအစည်ကို မသိရှိသော သူ မည်မျှ ရှိကြသလဲ။ 2 CCB2 86.1