အသင်းတော်အတွက သြဝါဒများ။ II
သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်လုံနှင့် ဖုံးအုပ်ထားခြင်း။
ဘုရားသခင်၏ လူတို့သည် ဘုရားသခင် ရှေ့တော်၌ မိမိတို့၏ စိတ်ဝိညာဉ်ကို ပင်ပန်းစေလျက် စိတ်နှလုံး ဖြူစင်ခြင်းအတွက် တောင်းပန်ကြသောအခါ၊ သူတို့ထံမှ “ညစ်ညူးသော အဝတ်ကို ချွတ်လော့” ဟု အမိန့်ပေးတော်မူပြီးနောက်၊ “ကြည့်ရှုလော့၊ သင်၏ အပြစ်ကို ငါဖြေရှင်းပြီ။ တင့်တယ်သော အဝတ်ကို ဝတ်စေမည်” ဟု အားရှိဖွယ် စကားများကို မိန့်တော်မူ၏။ စုံစမ်း စစ်ဆေးခြင်း ခံရသော်လည်း သစ္စာရှိသော ဘုရားသခင်၏ သားသမီးများတို့ အပေါ်သို့ သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်း တည်းဟူသော စွန်းကွက်ခြင်း ကင်းသော ဝတ်လုံကို ခြုံပေးတော်မူ၏။ မထီမဲ့မြင်ပြုခြင်း ခံရသော ကျန်ကြွင်းသော သူတို့သည် ဘုန်းတော်နှင့် ပြည့်ဝသော အဝတ်ကို ဝတ််ဆင်ရကြသဖြင့် ဘယ်သောအခါမျှ လောက၏ ပျက်စီးခြင်းဖြင့် ညစ်ညူးခြင်း မရှိနိုင်တော့ချေ။ သူတို့၏ အမည်များကို သိုးသငယ်၏ အသက်စာစောင်တွင်၊ ကာလ အဆက်ဆက် သစ္စာရှိကြသော သူတို့ နှင့်အတူ စာရင်း မှတ်သားထားလျက် ရှိ၏။ သူတို့သည် လှည့်ဖြားသော သူ၏ ပရိယာယ်တို့ကို တားဆီး ကန့်ကွက်ခဲ့ကြပြီး သူတို့သည် နဂါး၏ အော်ဟောက်ခြင်းဖြင့် သစ္စာမဖေါက်ခဲ့ကြ။ ယခု သူတို့သည် သွေးဆောင်သူ၏ အကြံအစည်များမှ ထာဝရ ကာလ လုံခြုံလျက် ရှိကြ၏။ သူတို့၏ အပြစ်များကို အပြစ်ကို အစပြုသော သူထံသို့ ပြောင်းပေးလေပြီ။ CCB2 402.2
၎င်းပြင် ကျန်ကြွင်းသော သူတို့သည် အပြစ်လွတ်ခြင်း၊ လက်ခံခြင်း အခွင့်ကိုသာ ရကြသည် မကသေး၊ ချီးမြှောက်ခြင်းကိုလည်း ခံရကြ၏။ “စင်ကြယ်သော ပေါင်း” ကို သူတို့၏ ခေါင်းပေါ်၌ တင်ထားကြ၏။ သူတို့သည် ဘုရားသခင်အဖို့ ရှင်ဘုရင် နှင့် ယဇ်ပုရောဟိတ်များ ဖြစ်ရကြလိမ့်မည်။ စာတန်သည် အပြစ်တင်ချက်များကို ဖော်ပြလျက် ဤ လူစုကို ဖျက်ဆီးရန် ကြံစည်နေစဉ်၊ သန့်ရှင်းသော ကောင်းကင်တမန် တို့သည် မမြင်နိုင်ဘဲ ထိုမှ ဤမှ ပျံသန်း သွားလာနေကြပြီး သူတို့၏ နဖူးပေါ်၌ အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ကို နှိပ်ခတ်နေကြ၏။ ဤ သူတို့ကား၊ ဇိအုန်တောင်ပေါ်၌ သိုးသငယ် နှင့်အတူ ရပ်နေကြလျက် မိမိတို့၏ နဖူးပေါ်တွင် ခမည်းတော်၏ နာမတော်ကို ရေးထားခြင်း ခံရသော သူများ ဖြစ်ကြ၏။ မြေကြီးမှ ရွေးနှုတ်ခြင်း ခံရသော တစ်သိန်း လေးသောင်း လေထောင်တို့ မှအပ မည်သူမျှ မဆိုနိုင်သော အသစ်သော သီချင်းကို သူတို့သည် ပလ္လင်တော် ရှေ့၌ သီဆိုနေကြ၏။ “သိုးသငယ် သွားလေရာရာ နောက်သို့ လိုက်သော သူ ဖြစ်ကြ၏။ လူတို့ အထဲက ရွေးနှုတ်၍ ဘုရားသခင် နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီး ဖြစ်ကြ၏။ အပြစ်နှင့် ကင်းလွတ်ကြသည် ဖြစ်၍ သူတို့ နှုတ်၌ မုသာ မရှိ။” ဗျာ၊ ၁၄: ၄၊ ၅။ 1 CCB2 403.1
* * * * *