အသင်းတော်အတွက သြဝါဒများ။ I

109/133

အခန်း ၂၁။—ကျမ်းစာအုပ်။

ကျမ်းစာ၌ ထောင်သောင်း မကသော သမ္မာတရား၏ ရတနာများကို အပေါ်ယံ ရှာဖွေသူတို့ထံမှ ဝှက်ထားလျက် ရှိ၏။ သမ္မာတရား တည်းဟူသော သတ္တုတွင်းသည် မည်သည့်အခါမျှ မကုန်မခန်းနိုင်။ သင်သည် ကျမ်းစာကို သာ၍ ရှာဖွေလျှင်၊ သင်သည် သာ၍ စိတ်ဝင်စားလာလျက်၊ သင်သည် ပေါလုကဲ့သို့ “ဘုရားသခင်၏ ပညာ နှင့် ဉာဏ်တော်သည် အလွန် ကျယ်ဝန်း နက်နဲစွတကား၊ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍ မကုန်နိုင်၊ ကြွတော်မူရာ လမ်းတို့ကို လိုက်၍ ရှာသော်လည်း မတွေ့မမှီနိုင်။” (ရောမ၊ ၁၁: ၃၃) ဟု သာ၍ ကြွေးကြော်လိုသော စိတ်ရှိလာလိမ့်မည်။1 CCB1 302.1

သခင်ခရစ်တော် နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လုံးလုံး ညီညွတ်လျက် ရှိ၏။ ၎င်းကို လက်ခံလျက် လိုက်နာ စောင့်ရှောက်ကြလျှင်၊ သခင်ခရစ်တော်သည် အလင်း၌ တည်နေတော်မူသကဲ့သို့ အလင်း၌ လျှောက်လိုက်လိုသော သူအပေါင်းတို့သည် လျှောက်သွားရန် ၎င်းတို့က သေချာစွာ လမ်းဖွင့်ပေးလိမ့်မည်။ ဘုရားသခင်၏ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရိုသေ လေးမြတ်ခြင်း ရှိကြလျှင်၊ ဤအောက်အရပ်ရှိ အသင်းတော်၌ပင် ကျွန်ုပ်တို့သည် ကောင်းကင် တစ်ခုကို ရရှိကြလိမ့်မည်။ ခရစ်ယာန်တို့သည် နှုတ်ကပတ်တော်ကို စေ့စေ့ ရှာဖွေစူးစမ်းရန် စိတ်အားကြီးခြင်း၊ ငတ်မွတ်ခြင်း ရှိရကြမည်။ သူတို့သည် အချိန် အတော်ကြာ ကျမ်းချက် တစ်ခုကို တစ်ခု နှိုင်းယှဉ်လျက် နှုတ်ကပတ်တော်ကို ဆင်ခြေ အောက်မေ့ရန် စိတ်အား ထက်သန် ရကြမည်။ သူတို့သည် နံနက် သတင်းစာ၊ မဂ္ဂဇင်း နှင့် ဝတ္ထု စာအုပ်များထက် နှုတ်ကပတ်တော်၏ အလင်းတရားအတွက် သာ၍ စိတ်အားထက်သန် ရကြလိမ့်မည်။ သူတို့၏ အကြီးဆုံး ဆန္ဒမှာ ဘုရားသခင့် သားတော်၏ အသားကို စားလျက် အသွေးကို သောက်ခြင်း ဖြစ်ရမည်။ ထိုအကြောင်းကြောင့် သူတို့၏ အသက်တာသည် နှုတ်ကပတ်တော်၏ စည်းကမ်း ဥပဒေများ၊ ဂတိတော်များနှင့် အညီ ကြီးပွားလာလိမ့်မည်။ ၎င်း၏ သွန်သင် သြဝါဒပေးချက်များသည် အသက်ပင်၏ အရွက်များကဲ့သို့ ဖြစ်လိမ့်မည်။ ၎င်းသည် သူတို့အဖို့ စမ်းရေ တွင်း ဖြစ်လျက် အသက်စမ်းရေကို စီးထွက်စေလိမ့်မည်။ မိုးရေကဲ့သို့ အားဖြည့်စေသော ကျေးဇူးတော်သည် ဝိညာဉ်ကို အားဖြည့်လျက် ပြန်၍ အသက်ရှင်စေပြီးလျှင်၊ ပင်ပန်းစွာ လုပ်ကိုင်ရခြင်း နှင့် မောပန်းခြင်း အားလုံးတို့ကို မေ့လျော့သွားစေလိမ့်မည်။ သူတို့သည် မှုတ်သွင်းထားတော်မူသော နှုတ်ကပတ်တော်အားဖြင့် ခွန်အားနှင့် ပြည့်စုံလာလျက် အားပြည့်လာကြလိမ့်မည်။2 CCB1 302.2

၎င်းကို ရေးသားပုံ ရေးသားနည်း နှင့် ၎င်း၏ အကြောင်းအရာသည် ကျယ်ဝန်းသည် ဖြစ်၍ ကျမ်းစာအုပ်သည် လူတိုင်းအား စိတ်ဝင်စားခြင်းကို ဖြစ်စေလျက် လူတိုင်း၏ စိတ်နှင့် တွေ့စေ၏။ ၎င်း၏ စာမျက်နှာများတွင် အလွန် ရှေးကျသော ရာဇဝင်များကို တွေ့ရှိရ၏။ အသက်တာတွင် အမှန်ကန်ဆုံးသော လူတို့၏ အတ္ထုပ္ပတ္တိများ၊ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ် ပေးသော နည်းဥပဒေများ၊ လူ၏ ဉာဏ်နှင့် မမှီနိုင်သော စည်းကမ်း ဥပဒေများကိုလည်း တွေ့ရှိရသည်။ ၎င်းတွင် အလွန် နက်နဲသော သဘာဝတ္တ ပညာ နှင့် သာယာ နာပျော်ဖွယ် အကောင်းဆုံး နှင့် အမွန်မြတ်ဆုံး ဖြစ်လျက် အလွန် စိတ်မာန်ပါ၍ အလွန် သနားဖွယ်ရာ ကောင်းသော လင်္ကာကဗျာများ ပါဝင်၏။ လူ ဖြစ်သော စာရေးဆရာများ ရေးသား စီမံသော အရာများနှင့် မနှိုင်းယှဉ်နိုင်လောက်အောင် အလွန် သာ၍ ကောင်းမြတ်သော အရာမှာ ကျမ်းစာအုပ်၌ ရေးသားထားသော အရာ ဖြစ်ပေသည်။ ၎င်းကို ထိုသို့ ဆင်ခြင် စဉ်းစားလိုက်သောအခါ ထိုမျှလောက်ပင် တန်ဖိုး ရှိပေသည်။ သို့ရာတွင် ဗဟို အချက်ကြီးနှင့် စပ်ဆိုင်၍ ဆင်ခြင် စဉ်းစားလိုက်သောအခါ၊ ၎င်းတို့သည် အကန့်အသတ် မရှိနိုင်လောက်အောင် လေးနက် ကျယ်ဝန်း၍ အကန့်အသတ် မရှိနိုင်လောက်အောင် တန်ဖိုး ရှိပေသည်။ ဤအချက်ကို အကြောင်းပြုလျက် ဆင်ခြင် ကြည့်သောအခါ၊ အချက်ကြီးတိုင်းသည် အသစ်သော အဓိပ္ပါယ်နှင့် ပြည့်စုံကြပေသည်။ အလွန် ရိုးသား လွယ်ကူစွာ ဖော်ပြထားသော သမ္မာတရားများတွင် ကောင်းကင်ထက် မြင့်၍ ထာဝရကာလကို မီနိုင်လောက်အောင် ကျယ်ဝန်းသော စည်းကမ်း ဥပဒေများ ပါဝင်ပေသည်။3 နေ့တိုင်း သင်သည် ကျမ်းစာမှ အသစ်သော အရာ အချို့ကို သင်ကြား သိရှိရလိမ့်မည်။ ၎င်းတို့တွင် ထာဝရအသက်နှင့် ဆိုင်သော စကားများ ပါရှိသော ကြောင့် ၎င်းတို့ကို ဝှက်ထားသော ဘဏ္ဍာကို ရှာသကဲ့သို့ စေ့စေ့ လေ့ကျက် ဖတ်ရှုပါ။ ဤသန့်ရှင်းသော ရေးသားချက်တို့ကို ကောင်းစွာ သိနားလည်စေခြင်းငှါ ဉာဏ်ပညာ နှင့် အသိဉာဏ်အတွက် ဆုတောင်းပါ။ သင်သည် ဤကဲ့သို့ ပြုလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ အသစ်သော ဘုန်းအသရေတော်များကို တွေ့မြင်ရလိမ့်မည်။ သမ္မာတရားနှင့် စပ်ဆိုင်သော အကြောင်းအရာကြီးများ ပေါ်၌ သင်သည် အဖိုးထိုက်သော အလင်းတရားသစ်များကို ရရှိပြီဟု ထင်မှတ်လိမ့်မည်။ သင်၏ ထင်မြင်ချက်တွင် ကျမ်းစာများသည် အမြဲသဖြင့် အသစ်သော တန်ဖိုးကို ရရှိနေလိမ့်မည်။ CCB1 303.1

ကျမ်းစာ၏ သမ္မာတရားများကို လက်ခံလျှင်၊ ၎င်းတို့သည် လောက၌ စွဲလမ်းခြင်း နှင့် ယုတ်ညံ့ခြင်း အခြေအနေမှ စိတ်ကို မြှောက်ပင့်ပေးလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိုက်တန်သဘောက် ရိုသေလေးမြတ် နှစ်သက်ခြင်း ရှိလျှင်၊ အသက်ငယ်ရွယ်သူ နှင့် အသက်ကြီးသော သူတို့သည် အတွင်း၌ ရိုးသား ဖြောင့်မတ်သော သဘော၊ စည်းကမ်း ဥပဒေနှင့် ဆိုင်သော ခွန်အားကို ရရှိကြသဖြင့်၊ စုံစမ်း နှောင့်ယှက်ခြင်းကို ခုခံတားဆီးနိုင်ကြလိမ့်မည်။5 CCB1 304.1