အသင်းတော်အတွက သြဝါဒများ။ I
အခန်း ၁။—သစ္စာရှိသော သူတို့အတွက် ဆုလာဘ်နှင့် ဆိုင်သော ရူပါရုံ။
(ကျွန်ုပ်၏ ပဋ္ဌမ ရူပါရုံ။)
ကျွန်ုပ်သည် အိမ်ထောင်ပဋ္ဌနာစည်းဝေးတွင် ဆုတောင်းနေစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်အပေါ်သို့ သက်ရောက်လာတော်မူသဖြင့်၊ကျွန်ုပ်သည် မှောင်မိုက်သော လောကကြီး အထက်တွင် တစ်ဖြည်းဖြည်း မြင့်တက်သွားသည်တိုင်အောင် တက်သွားနေသည်ဟု ထင်ရ၏။ ကျွန်ုပ်သည် လောကထဲ၌ မျှော်လင့်ခြင်း အသင်းသားတို့ကို လှည့်ကြည့်ရာ၊ သူတို့ကို မတွေ့နိုင်ချေ။ ထိုအခါ အသံ တစ်ခုက ကျွန်ုပ်အား၊ “ပြန်၍ ကြည့်ပါ၊ အထက်သို့ အနည်းငယ် မျှော်ကြည့်ပါ” ဟု ပြောဆို၏။ ထိုအသံကြောင့် ကျွန်ုပ်သည် အထက်သို့ မျှော်ကြည့်ရာ၊ ဖြောင့်တန်း၍ ကျဉ်းသော လမ်းတစ်ခုကို လောက အထက်၌ မြှင့်တင်ထားသည်ကို တွေ့ရ၏။ ဤလမ်းကလေးပေါ်၌ မျှော်လင့်ခြင်း အသင်းသားတို့သည် လမ်း၏ အဆုံးရှိ မြို့တော်သို့ ခရီးသွားနေကြ၏။ သူတို့၏ နောက်ဘက်၊ လမ်းကလေး၏ အစတွင် ထွန်းတောက်သော အလင်း တစ်ခု ရှိရာ၊ ကောင်းကင်တမန်က ၎င်းသည် သန်းခေါ်ယံ ကြွေးကြော်သံ ဖြစ်၏ဟု ကျွန်ုပ်အား ပြောပြ၏။ ဤအလင်းသည် လမ်းကလေး တစ်လျှောက်လုံးကို လင်းစေသဖြင့်၊ သူတို့သည် ခြေချော်၊ ခလုတ်တိုက်၍ လဲကျခြင်း မရှိကြ။ သူတို့ ရှေ့၌ မြို့တော်သို့ လမ်းပြတော်မူသော သခင်ယေရှုကို သူတို့သည် စေ့စေ့ စိုက်ကြည့်နေကြလျှင်၊ ဘေးကင်း လုံခြုံကြ၏။ သို့ရာတွင် မကြာမီ အချို့တို့သည် မောပန်းလာကြလျက် မြို့တော်သည် အလွန် ဝေးသေး၏ဟု ပြောဆိုကြပြီး စောစောကပင် မြို့ထဲသို့ ဝင်ရန် မျှော်လင့်ကြ၏။ ထိုအခါ သခင်ယေရှုသည် ဘုန်းတန်ခိုးနှင့် ပြည့်စုံသော မိမိ၏ လက်ယာ လက်တော်ကို မြှောက်လျက် သူတို့ကို အားပေးတိုက်တွန်းတော်မူရာ၊ ကိုယ်တော်၏ လက်တော်မှ ရောင်ခြည်တော် CCB1 67.1
ထွက်၍ မျှော်လင့်ခြင်း အသင်းသားစု အပေါ်၌ ၎င်းရောင်ခြည်တော်သည် ဝှေ့ရမ်းသဖြင့် သူတို့က၊ “ဟာလေလုယာ” ဟု ကြွေးကြော်ကြ၏။ အခြားသူတို့ကား မိမိတို့ နောက်၌ ရှိသော အလင်းကို အရမ်းမဲ့ ငြင်းပယ်လျက် သူတို့အား ထိုမျှ ခရီးရောက်အောင် လမ်းပြသူမှာ ဘုရားသခင် မဟုတ်ဟု ပြောဆိုကြ၏။ သူတို့ နောက်၌ ရှိသော အလင်းသည် ကွယ်ပျောက်သွား၍ သူတို့သည် လုံးလုံး မှောင်မိုက်ထဲသို့ ကျရောက်သွားကြသဖြင့်၊ သူတို့သည် လဲလျက် သခင်ယေရှုကို လည်းကောင်း လမ်းအမှတ်အသားကို လည်းကောင်း မမြင်ရကြတော့ဘဲ အောက်ရှိ မှောင်မိုက် ဆိုးသွမ်းသော လောကထဲသို့ လမ်းပေါ်မှ ကျသွားကြလေ၏။ များမကြာမီ ကျွန်ုပ်တို့အား သခင်ယေရှု ကြွလာတော်မူမည့် နေ့ရက် နှင့် အချိန်နာရီကို ဖော်ပြသော သမုဒ္ဒရာသံ ကဲ့သို့သော ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ ကြားရကြ၏။ ၁၄၄၀၀၀ အရေအတွက် ရှိ၍ အသက်ရှင်နေသေးသော သန့်ရှင်းသူတို့သည် စကားသံတော်ကို သိလျက် နားလည်ကြ၏။ ဆိုးသော သူတို့ကား မိုးချုန်းသံ နှင့် ငလျင်လှုပ်ခြင်း ဖြစ်သည်ဟု ထင်မှတ်ကြ၏။ ဘုရားသခင်သည် အချိန်ကို ဖော်ပြတော်မူသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ကျွန်ုပ်တို့ အပေါ်၌ သွန်းလောင်းတော်မူသဖြင့်၊ မောရှေသည် သိနာတောင်ပေါ်မှ ဆင်းလာသောအခါ သူ၏ မျက်နှာသည် တောက်ပနေသည် နည်းတူ ကျွန်ုပ်တို့၏ မျက်နှာသည် အလင်းနှင့် ထွန်းလင်းစပြုလျက် ဘုရားသခင်၏ ဘုန်းရောင်ခြည်တော်နှင့် တောက်ပနေကြ၏။ CCB1 68.1
၁၄၄၀၀၀ တို့သည် အားလုံး တံဆိပ်နှိပ်ခြင်း ခံရကြ၍ စုံလင်စွာ စုပေါင်းစည်းလုံးလျက်ရှိကြ၏။ သူတို့၏ နဖူးပေါ်တွင်၊ ဘုရားသခင်၊ ယေရုရှလင်မြို့သစ်၊ ဟူသော စာလုံးများ နှင့် သခင်ယေရှု၏ အမည်သစ် ပါရှိသော တောက်ပသော ကြယ် တစ်လုံးကို ရေးမှတ်ထား၏။ ကျွန်ုပ်တို့၏ ပျော်ရွှင်၊ သန့်ရှင်းသော အခြေအနေကြောင့် ဆိုးသော သူတို့သည် ဒေါသအမျက်ထွက်ကြသဖြင့်၊ ကျွန်ုပ်တို့အား ထောင်ထဲသို့ ပစ်ချဖို့ ကိုင်ဖမ်းရန် ပြင်းထန်စွာ ပြေးလာကြရာ၊ ကျွန်ုပ်တို့က သခင်ဘုရား၏ နာမတော်၌ မိမိတို့၏ လက်ကို ဆန့်တန်းလိုက်သောအခါ၊ သူတို့သည် မြေကြီးပေါ်သို့ အားကိုးရာမဲ့ လဲကျသွားကြလိမ့်မည်။ ထိုအခါ အချင်းချင်း၏ ခြေကို ဆေးပေးနိုင်ကြလျက် ညီအစ်ကိုတို့ကို သန့်ရှင်းသော နမ်းခြင်းဖြင့် နှုတ်ဆက်ကြသော ကျွန်ုပ်တို့ကို ဘုရားသခင် သည် ချစ်တော်မူသည်ကို စာတန်၏ အပေါင်းအသင်း (စာတန်၏ နောက်သို့ လိုက်လိုသော သူ) သည် သိရှိ၍ ကျွန်ုပ်တို့၏ ခြေရင်း၌ ပျပ်ဝပ်ကိုးကွယ်ကြ၏။ CCB1 68.2
ျားမကြာမီ၊ ယောက်ျား၏ လက်ဝါး တစ်ဝက်လောက်ရှိ၊ မဲမှောင်သော မိုးတိမ်ကလေးသည် အရှေ့ဘက်၌ ပေါ်လာသဖြင့် ကျွန်ုပ်တို့သည် အရှေ့ဘက်သို့ ကြည့်နေကြ၏။ ထိုမိုးတိမ်သည် လူသား၏ နိမိတ်လက္ခဏာ ဖြစ်ကြောင်း ကျွန်ုပ်တို့ အားလုံး သိရှိကြ၏။ ကျွန်ုပ်တို့ အားလုံး ကြည်ညိုလေးစားစွာ တိတ်ဆိတ်လျက် မိုးတိမ်ကို ကြည့်ရှုနေကြစဉ်၊ ၎င်းသည် သာ၍ နီးကပ်လာလျက် သာ၍ လင်း၊ သာ၍ ဘုန်းတော်နှင့် ပြည့်ဝလာလေ၏။ အဆုံး၌ ၎င်းသည် ကြီး၍ ဖြူသော မိုးတိမ်ကြီး ဖြစ်ကြောင်းကို သိရှိလာရသည်တိုင်အောင် သာ၍ နီးကပ်လာ၏။ အောက်ပိုင်းသည် မီးလျှံကဲ့သို့ ထင်ရ၍ မိုးတိမ်၏ အပေါ်၌ သက်တန့် အုပ်လျက် ရှိ၏။ သိန်း သန်းမက များစွာသော ကောင်းကင်တမန်တို့သည် ၎င်းပတ်လည်၌ ခြံရံလျက်ရှိကြလျက် အလွန် နှစ်သက်ဖွယ်ကောင်းသော သီချင်းကို ဆိုနေကြ၏။ မိုးတိမ်ပေါ်၌ လူသားသည် ထိုင်နေတော်မူ၏။ ကိုယ်တော်၏ ဆံပင်တော်သည် ဖြူဖွေး၍ ကောက်ကွေးပြီး ကိုယ်တော်၏ ပခုံးတော်ပေါ်တွင် ကပ်လျက်ရှိကြ၏။ ကိုယ်တော်၏ ခေါင်းတော်ပေါ်၌ များစွာသော သရဖူများကို ဆောင်းထားတော်မူ၏။ ကိုယ်တော်၏ ခြေတော်တို့သည် မီးတောက်ကဲ့သို့ ထင်ရ၏။ လက်ယာ လက်တော်တွင် ထက်သော တံဇင်ကို ကိုင်ထားတော်မူ၏။ လက်ဝဲ လက်တော်တွင် ငွေတံပိုးခရာကို ကိုင်ထားတော်မူ၏။ ကိုယ်တော်၏ မျက်စိတော်တို့သည် မီးလျှံကဲ့သို့ တောက်နေကြ၍ မိမိ၏ သားသမီးများကို သေချာ စေ့စပ်စွာ ရှာဖွေစစ်ဆေးလျက် ရှိတော်မူ၏။ ထိုအခါ မျက်နှာ အားလုံးသည် အရောင်ဖျော့သွား၍ ဘုရားသခင် ပယ်တော်မူခြင်း ခံရသော သူတို့၏ မျက်နှာတို့ကား မှောင်မဲသွားကြ၏။ ထိုနောက် ကျွန်ုပ်တို့ အားလုံးက၊ “မည်သူသည် ခံရပ်နိုင်မည်နည်း။ ငါ၏ ဝတ်လုံသည် စွန်းကွက်ခြင်း ကင်းသလော” ဟု ကြွေးကြော်ကြ၏။ ထိုနောက် ကောင်းကင်တမန် တို့သည် သီချင်းဆိုနေရာမှ ရပ်သွားလျက် အချိန် အတော်ကြာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေရာ၊ သခင်ယေရှုက၊ “သန့်ရှင်းသော လက် နှင့် ဖြူစင်သော စိတ်နှလုံး ရှိသော သူတို့သည် ခံရပ်နိုင်ကြလိမ့်မည်။ ငါ့ ကျေးဇူးသည် သင့်အဖို့ လောက်ပေ၏” ဟု မိန့်တော်မူ၏။ ဤစကားတော်ကို ကြားရလျှင်၊ ကျွန်ုပ်တို့၏ မျက်နှာတို့သည် ထွန်းတော်လာကြပြီး စိတ်နှလုံးထဲ၌ ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝနေ၏။ ၎င်းပြင် ကောင်းကင်တမန်တို့သည် အသံကို မြှင့်လျက် သီချင်းဆိုကြစဉ်၊ မိုးတိမ်သည် မြေကြီးနှင့် သာ၍ နီးကပ်လာပြန်၏။ CCB1 69.1
ထိုနောက် သခင်ယေရှုသည် မီးတောက်ကို လွှမ်းခြုံလျက် မိုးတိမ်ပေါ်တွင် ဆင်းသက်တော်မူစဉ်၊ ကိုယ်တော်၏ ငွေတံပိုးခရာသည် အသံမြည်လာ၏။ ကိုယ်တော်သည် အိပ်ပျော်နေသော သန့်ရှင်းသူတို့၏ သင်္ချိုင်းများကို စိုက်ကြည့်တော်မူပြီးနောက် လက်ကို မြှောက်ထား၍ ကောင်းကင်သို့ မျှော်ကြည့်လျက်၊ “နိုးကြလော့၊ နိုးကြလော့၊ နိုးကြလော့၊ မြေကြီးထဲ၌ အိပ်ပျော်နေသော သူတို့ ထကြလော့” ဟု ကြွေးကြော်တော်မူ၏။ ထိုအခါ ကြီးစွာ မြေကြီးလှုပ်ခြင်း ဖြစ်၏။ သင်္ချိုင်းများသည် ပွင့်လာကြပြီး လူသေတို့သည် မသေမပုပ်နိုင်သော အဖြစ်နှင့် ထလာကြ၏။ ၁၄၄၀၀၀ တို့သည် သေမင်းက မိမိတို့ထံမှ ဆွဲယူသွားသော မိမိတို့၏ မိတ်ဆွေများကို တွေ့မြင်ရကြသောအခါ၊ “ဟာလေလုယာ” ဟု ကြွေးကြော်ကြ၏။ ၎င်းပြင် ထိုခဏချင်းတွင် ကျွန်ုပ်တို့သည် ပြောင်းလဲခြင်းသို့ ရောက်၍ အာကာသ ကောင်းကင်တွင် သခင်ဘုရားကို တွေ့ဆုံရန် သူတို့ နှင့်အတူ ကောင်းကင်သို့ ယူဆောင်ခြင်းကို ခံရကြ၏။ CCB1 70.1
ကျွန်ုပ်တို့ အားလုံးသည် မိုးတိမ်ထဲသို့ ဝင်ရောက်သွားကြပြီး၊ ဖန်ရေကန်သို့ ခုနစ်ရက်ကြာမျှ တက်သွားရကြ၏။ ထိုနောက် သခင်ယေရှုသည် သရဖူများကို ယူဆောင်ခဲ့ပြီး ကျွန်ုပ်တို့၏ ခေါင်းပေါ်၌ ၎င်းတို့ကို မိမိ၏ လက်ယာ လက်တော်ဖြင့် ဆောင်းပေးတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ရွှေစောင်း နှင့် အောင်မြင်ခြင်း အထိမ်းအမှတ် ဖြစ်သော စွန်ပလွံခက်များကို ပေးတော်မူ၏။ ဖန်ရေကန်ပေါ်တွင် ၁၄၄၀၀၀ တို့သည် စတုရန်း လေးထောင့်ကွက်ပမာ စုရုံးရပ်နေကြ၏။ အချို့သော သူတို့၌ အလွန် တောက်ပသော သရဖူများ ရှိ၍ အချို့တို့၏ သရဖူတို့မှာ ထိုမျှလောက် မတောက်ပေချေ။ အချို့သော သရဖူများသည် ကြယ်များနှင့် လေးလံနေလျက် အခြား သရဖူတို့၌ ကြယ် အနည်းငယ်သာ ရှိ၏။ အားလုံးတို့သည် မိမိတို့ ရရှိသော ကြယ်များနှင့် စိတ်ကျေနပ်လျက် ရှိကြ၏။ ၎င်းပြင် သူတို့ အားလုံးသည် ဖြူဖွေး၍ ဘုန်းတော်နှင့် တောက်ပနေသော ဝတ်လုံတို့ကို ပခုံးမှ ခြေထောက်အထိ ဝတ်ဆင် ထားကြ၏။ ကျွန်ုပ်တို့သည် ဖန်ရေကန်ပေါ်မှ မြို့တော်၏ တံခါးဝသို့ ချီတက်သွားကြစဉ်၊ ကောင်းကင်တမန်တို့သည် ကျွန်ုပ်တို့ကို ခြံရံလျက် ရှိကြ၏။ သခင်ယေရှုသည် မိမိ၏ ခွန်အားကြီး၍ ဘုန်းကြီးသော လက်တော်ကို ဆန့်၍ ပုလဲတံခါးကို ကိုင်၍ တောက်ပသော ပတ္တာများပေါ်၌ လည်သွားအောင် ၎င်းကို ဖွင့်ပြီးလျှင်၊ “သင်တို့သည် သင်တို့၏ ဝတ်လုံကို ငါ၏ အသွေး၌ လျှော်ခဲ့ကြပြီ။ ငါ၏ သမ္မာတရားအတွက် ခိုင်ခံ့စွာ ခံရပ်ခဲ့ကြပြီ။ အထဲသို့ ဝင်ကြလော့” ဟု ကျွန်ုပ်တို့အား မိန့်တော်မူ၏၊ ကျွန်ုပ်တို့သည် ဝင်သွားကြလျက် ထိုမြို့ထဲ၌ ဝင်ခွင့် အမှန်ရကြသည်ဟု ထင်မှတ်ကြ၏။ CCB1 70.2
ဤနေရာ၌ ကျွန်ုပ်တို့သည် အသက်ပင် နှင့် ဘုရားသခင်၏ ပလ္လင်တော်ကို မြင်ရကြ၏။ ပလ္လင်တော်မှ ကြည်လင်သော မြစ်ရေ စီးဆင်း၍ မြစ် တစ်ဖက်တစ်ချက်တွင် အသက်ပင် ရှိ၏။ မြစ်၏ တစ်ဖက်တွင် သစ်ပင်၏ ပင်မကြီး တစ်ခု ရှိ၍ အခြားသော မြစ်တစ်ဖက်တွင် ပင်မကြီး တစ်ခု ရှိသေး၍ နှစ်ပင်စလုံးသည် ရွှေဇင်နှင့် ပြီး၏။ ပဋ္ဌမ၌ သစ်ပင် နှစ်ပင်ကို မြင်ရသည်ဟု ကျွန်ုပ် ထင်၏။ ကျွန်ုပ် တစ်ဖန်ပြန်၍ ကြည့်ပြန်သောအခါ၊ ၎င်းတို့သည် အပေါ်ပိုင်း၌ ဆက်နေကြသဖြင့် သစ်ပင် တစ်ပင်တည်း ဖြစ်၏။ အသက်ရေစီးရာ မြစ် တစ်ဖက်တစ်ချက်၌ အသက်ပင်သည် ထိုသို့ ပေါက်လျက်ရှိ၏။ ကျွန်ုပ်တို့ ရပ်နေသော နေရာ၌ အကိုင်းအခက်များသည် ညွှတ်လာကြရာ၊ အသီးများသည် တောက်ပနေလျက် ရွှေ နှင့် ငွေ ရောထားသကဲ့သို့ ထင်ရ၏။ CCB1 71.1
ကျွန်ုပ်တို့ အားလုံးသည် သစ်ပင်အောက်သို့ သွား၍ ထိုနေရာ၏ ဘုန်းတော်ကို ကြည့်ရှုရန် ထိုင်နေကြရာ၊ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောပြောခဲ့ပြီး ဘုရားသခင်သည် သူတို့အား ကယ်တင်ရန် သင်္ချိုင်းထဲ၌ သိပ်ထားသော ဆရာကြီး ဖစ် (ချ) နှင့် စတော့ (က) မန်တို့သည် ကျွန်ုပ်တို့ထံသို့ ရောက်လာကြလျက် သူတို့ အိပ်ပျော်နေကြစဉ် မည်သည့် အကြောင်းအရာများ ဖြစ်ပျက်ခဲ့သနည်းဟု ကျွန်ုပ်တို့အား မေးမြန်းကြ၏။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ခံစားခဲ့ရကြသော အကြီးဆုံး စုံစမ်းနှောင့်ယှက်ခြင်း အကြောင်းတို့ကို ပြန်ပြောရန် ကြံစည်ကြသော်လည်း၊ ကျွန်ုပ်တို့ ပတ်လည်၌ ခံစားနေရသည့် အလွန်သာ၍ ကြီးကျယ်လျက် ထာဝရ ခံစားရမည့် ဘုန်းတော်နှင့် နှိုင်းယှဉ်ရာ၌ ထိုစုံစမ်းခြင်းတို့သည် အလွန် သေးငယ်သည်ဟု ထင်မြင်ရကြသဖြင့်၊ ကျွန်ုပ် တို့သည် ၎င်းအကြောင်းတို့ကို ပြောမပြနိုင်ဘဲ၊ “ဟာလေလုယာ၊ ကောင်းကင်နိုင်ငံတော်သည် ပေါပေါနှင့် ရနိုင်ပါတကား” ဟု ကြွေးကြော်ကြပြီးလျှင် ကျွန်ုပ်တို့၏ တောက်ပသော စောင်းများတို့ကို တီးကြရာ၊ ကောင်းကင်ဘဝဂ်ဝယ် ဟိန်းသွားစေလေ၏။ CCB1 71.2
သခင်ယေရှုသည် ကျွန်ုပ်တို့ ရှေ့တွင် ခေါင်းဆောင်လျက် ကျွန်ုပ်တို့ အားလုံးသည် မြို့တော်မှ ဤမြေကြီးပေါ်သို့ အလွန် ကြီးကျယ်သော တောင်ကြီး တစ်ခုတွင် ဆင်းသက်လာကြရာ၊ ထိုတောင်သည် သခင်ယေရှုကို မခံမရပ်နိုင်သဖြင့် ၎င်းသည် ကွဲသွားပြီးမှ အလွန် ကျယ်သော လွင်ပြင်ကြီး တစ်ခု ပေါ်လာ၏။ ထိုနောက် ကျွန်ုပ်တို့သည် မျှော်ကြည့်ကြသောအခါ၊ တိုက်မြစ် တစ်ဆယ့်နှစ်ထပ်၊ မြို့ရိုး တစ်ဖက်တွင် သုံးပေါက် ရှိသော တံခါး ဆယ့်နှစ်ပေါက် ရှိလျက် တစ်ပေါက်လျှင် ကောင်းကင်တမန် တစ်ပါးစီ စောင့်နေသော မြို့တော်ကြီးကို မြင်ရလေ၏။ ကျွန်ုပ်တို့ အားလုံးက၊ “မြို့တော်ကြီးပါတကား၊ အလွန် ကြီးသော မြို့တော်ကြီးပါတကား၊ ၎င်းသည် ဆင်းသက်လာနေပြီ၊ ၎င်းသည် ကောင်းကင်ဘုံမှ ဘုရားသခင် အထံတော်က ဆင်းသက်လာလေပြီ” ဟု ကြွေးကြော်ကြ၏။ ၎င်းပြင် ၎င်းမြို့ကြီးသည် ကျွန်ုပ်တို့ ရပ်နေသော နေရာသို့ ဆင်းသက်၍ တည်ရှိနေလေ၏။ ထိုနောက် ကျွန်ုပ်တို့သည် မြို့ အပြင်ဘက်ရှိ ဘုန်းတော်နှင့် တောက်ပနေသော အရာတို့ကို အစပြု ကြည့်နေကြ၏။ ထိုနေရာ၌ အလွန်ပင် လှပတင့်တယ်လျက် ကြည့်ရှုဖို့ အလွန် တောက်ပ တင့်တယ်သော ပုလဲများဖြင့် ပြီးသော တိုင်လေးတိုင်နှင့် ဆောက်ထား၍ ငွေရောင်ကဲ့သို့ တောက်ပသော အိမ်များကို ကျွန်ုပ် တွေ့မြင်ရ၏။ ထိုအိမ်များတွင် သန့်ရှင်းသူတို့သည် နေထိုင်ရကြမည်။ အိမ် အသီးအသီးတွင် ရွှေနှင့် မွမ်းမံထားသော စင် တစ်ခုစီ ရှိ၏။ သန့်ရှင်းသော သူအများသည် အိမ်များထဲသို့ ဝင်၍ မိမိတို့၏ တောက်ပသော သရဖူတို့ကို ချွတ်ပြီး စင်ပေါ်တွင် တင်ထားကြ၏။ ထိုနောက် သူတို့သည် အိမ်များ အနီးတွင် ရှိသော လယ်ကွက်ထဲသို့ မြေကြီးများကို တစ်စုံတစ်ခု ပြုလုပ်ရန် ထွက်သွားကြလေ၏။ သို့ရာတွင် ဤပစ္စုပ္ပန် မြေကြီးပေါ်၌ ကျွန်ုပ်တို့ ပြုလုပ်ရကြသကဲ့သို့ မဟုတ်ပါ။ နည်းနည်းမျှ မတူပါ။ သူတို့၏ ခေါင်းပတ်လည်တွင် ဘုန်းရောင်ခြည်နှင့် တောက်ပနေလျက် သူတို့သည် အမြဲ ကြွေးကြော်ပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းနေကြ၏။ CCB1 72.1
ကျွန်ုပ်သည် ပန်း အမျိုးမျိုးနှင့် ပြည့်စုံသော အခြား လယ်ပြင် တစ်ခုကို မြင်ရ၏။ ထိုနောက် ကျွန်ုပ်သည် ၎င်းပန်းတို့ကို ခူးပြီးလျှင်၊ ၎င်း “တို့သည် မည်သည့်အခါမျှ ညှိုးနွမ်းသွားကြမည် မဟုတ်” ဟု ကျွန်ုပ်က ကြွေးကြော်လိုက်၏။ ထိုနောက် ရှည်သော မြက်ပင်များနှင့် ပြည့်နေသော လယ်တစ်ကွက်ကို မြင်ရလျက် ထိုမြက်တို့မှာ ကြည့်၍ အလွန် နှစ်သက်ဖွယ် ဖြစ်ကြ၏။ ၎င်းမြက်ပင်သည် အမြဲ စိမ်းနေပြီး ဘုရင်မင်းမြတ် သခင်ယေရှု၏ ဘုန်းတော်ကို ချီးကျူးသော သဘောနှင့် ခမ်းနားစွာ လှုပ်ရှားနေကြစဉ် ၎င်းတို့သည် ရွှေရောင်၊ ငွေရောင်များကို ဟပ်စေကြ၏။ ထိုနောက် ကျွန်ုပ်တို့သည် ခြင်္သေ့၊ သိုးသငယ်၊ ကျားသစ် နှင့် ဝံပုလွေမှ စသော သားရဲအပေါင်းတို့နှင့် ပြည့်ဝပြီး အားလုံးတို့သည် အလွန် သင့်တင့်စွာ စည်းလုံးညီညွတ်လျက် ရှိနေကြသော လယ် တစ်ကွက်ထဲသို့ ဝင်ရောက်လာကြ၏။ ကျွန်ုပ်တို့သည် သူတို့အထဲသို့ ဖြတ်သွားကြသောအခါ၊ သူတို့သည် နောက်မှ ငြိမ်သက်စွာ လိုက်လာကြ၏။ ထိုနောက် ကျွန်ုပ်တို့သည် တောအုပ် တစ်ခုထဲသို့ ဝင်သွားကြရာ၊ ၎င်းသည် ကျွန်ုပ်တို့၌ ရှိသော တောနှင့် မတူ၊ အနည်းငယ်မျှ မတူသည်ကို တွေ့ရကြ၏။ အလင်းနှင့် ထွန်းတောက်၍ တော တစ်ခုလုံးသည် ဘုန်းတော်နှင့် ပြည့်ဝနေ၏။ သစ်ပင်၏ အကိုင်းအခက်တို့သည် ထိုမှ ဤမှ လှုပ်ရှားနေကြရာ၊ ကျွန်ုပ်တို့ အားလုံးက၊ “ငါတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာ နေ၍ တော၌ အိပ်ပျော်ကြလိမ့်မည်” ဟု ကြွေးကြော်ကြ၏။ ကျွန်ုပ်တို့သည် ဇိအုန်တောင်သို့ ခရီးသွားနေကြရသဖြင့်၊ တောထဲသို့ ဖြတ်သွားရကြ၏။ CCB1 73.1
ကျွန်ုပ်တို့သည် ခရီးသွားနေကြစဉ်၊ ထိုနေရာ၏ ဘုန်းတော်ကို ကြည့်ရှုနေကြသော လူတစ်စုကို ကျွန်ုပ်တို့ တွေ့ရကြ၏။ သူတို့၏ ဝတ်လုံ အနားပတ်လည်တွင် အနီရောင်ကို မြင်ရ၏။ သူတို့၏ သရဖူများသည် တောက်ပ၍ သူတို့၏ ဝတ်လုံတို့သည် ဖြူဖွေးနေ၏။ ကျွန်ုပ်တို့သည် သူတို့ကို နှုတ်ခွန်းဆက်နေကြစဉ်၊ သူတို့သည် မည်သူများ ဖြစ်ကြသနည်းဟု ကျွန်ုပ်က သခင်ယေရှုအား မေးကြည့်၏။ ကိုယ်တော်က သူတို့သည် ကိုယ်တော်အဖို့ မိမိတို့၏ ယုံကြည်ခြင်းအတွက် အသတ်ခံရကြသော သူများ ဖြစ်ကြသည်ဟု မိန့်တော်မူ၏။ သူတို့ နှင့်အတူ မရေမတွက်နိုင်အောင် များပြားသော ကလေးသူငယ်များလည်း ရှိ ကြ၏။ သူတို့၏ ဝတ်လုံတွင် အနားပတ်လည်၌လည်း အနီရောင် အနားပတ် ရှိ၏။ ဇိအုန်သည် ကျွန်ုပ်တို့၏ ရှေ့တွင် ပေါ်လာပြီး ၎င်းပြင် တောင်ပေါ်၌ ဘုန်းတော်နှင့် ထွန်းတောက်နေသော ဗိမာန် တစ်ဆောင် ရှိ၏။ ၎င်း၏ ပတ်လည်တွင် အခြားသော တောင် ခုနစ်လုံး ရှိလျက် ၎င်းတို့အပေါ်တွင် နှင်းဆီပန်းပင်၊ နှင်းပန်းပင်များ ပေါ်လျက်ရှိကြ၏။ ၎င်းပြင် ကလေးသူငယ်တို့သည် တောင်ပေါ်သို့ တက်သွားကြသည်ကို လည်းကောင်း၊ အလိုရှိသောအခါ မိမိတို့၏ အတောင်ပံကလေးများကို အသုံးပြုလျက် ပျံတက်သွားကြပြီးလျှင် မည်သည့်အခါမျှ မညှိုးနွမ်းသော ပန်းများကို ခူးနေကြသည်ကို ကျွန်ုပ် မြင်ရ၏။ ဗိမာန်တော်ကို လှပတင့်တယ်စေခြင်းငှါ ၎င်း၏ ပတ်လည်တွင်၊ ပြင်းကတိုးပင်၊ ထင်းရူးပင်၊ သလဲပင်၊ အချိန်နှင့် သီးသော သဖန်းသီးများ နှင့် ညွှတ်နေသော သဖန်းပင်မှ စသော သစ်ပင် အမျိုးမျိုး ရှိလျက် ၎င်းတို့သည် ထိုနေရာ တစ်ခုလုံးကို ဘုန်းတော်နှင့် လှပတင့်တယ်စေ၏။ ကျွန်ုပ်တို့သည် ဗိမာန်တော်ထဲသို့ ဝင်ဖို့ ကြံစည်ကြစဉ်၊ သခင်ယေရှုသည် သာယာသော အသံနှင့် “၁၄၄၀၀၀ တို့သာ ဤနေရာသို့ ဝင်ရ၏” ဟု မိန့်တော်မူသဖြင့်၊ ကျွန်ုပ်တို့က “ဟာလေလုယာ” ဟု ကြွေးကြော်ကြလေ၏။ CCB1 73.2
ဤဗိမာန်တော်ကို အလွန် တောက်ပသော ပုလဲများ၊ ရွှေများနှင့် မွမ်းမံချယ်လှယ်ထားသော တိုင် ခုနစ်တိုင်ဖြင့် ဆောက်လုပ်ထား၏။ ကျွန်ုပ် မြင်ရသော အံ့သြဖွယ်ရာများကို ကျွန်ုပ်သည် ဖော်ပြခြင်းငှါ မတတ်နိုင်။ ထိုနေရာ၌ ၁၄၄၀၀၀ တို့၏ အမည်များကို ရွှေစာလုံးများဖြင့် ကမ္ဗည်းအက္ခရာထိုးထားသော ကျောက်ပြားများကို တွေ့ရ၏။ ကျွန်ုပ်တို့သည် ဗိမာန်တော်၏ ဘုန်းတော်များကို ကြည့်ရှုပြီးနောက် ထွက်သွားကြ၏။ ၎င်းပြင် သခင်ယေရှုသည် ကျွန်ုပ်တို့ကို ထားခဲ့ပြီး မြို့တော်သို့ ကြွသွားတော်မူ၏။ များမကြာမီ၊ “လာကြ၊ ငါ၏ လူများတို့၊ သင်တို့သည် ကြီးစွာသော ဒုက္ခဆင်းရဲခြင်းထဲမှ ထွက်လာခဲ့ရကြ၍ ငါ၏ အလိုကို ဆောင်ရွက်ခဲ့ကြပြီ။ ငါ့အတွက် ဒုက္ခခံခဲ့ရကြပြီ။ စားသောက်ပွဲသို့ လာကြ၊ ငါကိုယ်တိုင် ခါးပန်းစည်း၍ သင်တို့ကို ကျွေးမွေးမည်” ဟု ချိုသာသော အသံနှင့် ကိုယ်တော် မိန့်တော်မူသော အသံကို ကျွန်ုပ်တို့သည် ကြားရကြ၏။ ကျွန်ုပ်တို့က၊ “ဟာလေလုယာ၊ ဘုန်းတော်ကြီးလှပါ၏” ဟု ကြွေးကြော်ကြလျက် မြို့ထဲသို့ ဝင်ကြ၏။ ထိုနောက် ကျွန်ုပ် သည် ဖြူစင်သော ငွေနှင့် ပြုလုပ်ထားသော စားပွဲ တစ်ခုကို မြင်ရ၏။ ၎င်းသည် မိုင်ပေါင်းများစွာ ရှည်လျားသော်လည်း ကျွန်ုပ်သည် ၎င်း၏ အဆုံးအထိ မြင်နိုင်၏။ အသက်ပင်၏ အသီး၊ မန္နမုန့်၊ ဗာဒံသီး၊ သဖန်းသီး၊ သလဲသီး၊ စပျစ်သီးမှ စ၍ အမျိုးမျိုးသော သစ်သီးများစွာကို ကျွန်ုပ် တွေ့မြင်ရ၏။ သစ်သီး တစ်ချို့ကို စားဖို့ သခင်ယေရှုအား ကျွန်ုပ်က အခွင့်တောင်း၏၊ ကိုယ်တော်က၊ “ယခု မစားရသေး၊ ဤပြည်၏ အသီးကို စားသော သူသည် မြေကြီးသို့ ဘယ်သောအခါမျှ ပြန်မသွားရတော့ချေ။ သို့ရာတွင် အချိန် အနည်းငယ် ကြာသောအခါ၊ သစ္စာရှိခဲ့လျှင်၊ သင်သည် အသက်ပင်၏ အသီးကို စားရမည် အပြင် အသက်စမ်းရေကိုလည်း သောက်ရလိမ့်မည်” ဟု မိန့်တော်မူ၏။ ထိုနောက် ကောင်းကင်တမန်သည် ကျွန်ုပ်အား ဤမှောင်မိုက်သော မြေကြီးပေါ်သို့ ဖြည်းညှင်းစွာ ယူဆောင်လာလေ၏။ တစ်ခါတစ်ရံ ကျွန်ုပ်သည် ဤလောက၌ ကြာကြာ မနေနိုင်တော့ချေ။ မြေကြီးပေါ်၌ ရှိသော အရာခပ်သိမ်းတို့သည် အလွန် ငြီးငွေ့စရာကောင်းသည်ဟု ထင်ရ၏။ ကျွန်ုပ်သည် သာ၍ ကောင်းသော ပြည့်တော်ကို မြင်ခဲ့ရသဖြင့်၊ ဤမြေကြီးပေါ်၌ အလွန် ပျင်းစရာကောင်းသည်ဟု ထင်ရ၏။ ကျွန်ုပ်သည် ချိုးငှက်ကဲ့သို့ အတောင်ပံများကို အလွန် အလိုရှိလေပြီတကား၊ သို့ပြုလျှင် ကျွန်ုပ်သည် အဝေးသို့ ပျံသွားပြီး နားနေနိုင်လိမ့်မည်။1 CCB1 74.1